ဗိုလ်တထောင်မြို့နယ်တွင် ဆန္ဒမဲပေးမည့် ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေး

ဗိုလ်တထောင် နိုဝင်ဘာ ၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ရပ်ကွက်(၁၂)ရပ်ကွက်၌ ဖွင့်လှစ်ထားရှိ သည့် မဲရုံ(၃၈)ရုံတွင် ယနေ့ နံနက်(၆)နာရီမှစ၍ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာဖြင့် ဆန္ဒမဲပေး လျက်ရှိ ကြောင်း သိရသည်။
ထိုသို့ ဆန္ဒမဲပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများနှင့်အညီ ဆန္ဒမဲပေးရန် လာရောက်မဲပေးသူများအား ကိုယ်အပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်းများ စနစ်တကျ လဲလှယ်တပ်ဆင်စေခြင်း၊ လက်သန့် ဆေးရည် ဖျန်းပေးခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆)ပေခြား၍ တန်းစီစေခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ဗိုလ်တထောင်မြို့နယ်တွင် ရပ်ကွက်(၁၂)ရပ်ကွက်ရှိ မဲရုံ(၃၈)ရုံတွင် မဲဆန္ဒရှင်(၃၆၉၉၃) ဦးတို့က မိမိ နှစ်သက်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ဆန္ဒမဲပေးရွေးချယ်၍ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပျော်ရွှင်စွာ မဲပေးလျက်ရှိကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း (၆)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း(၃)ဦး၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် လောင်း(၅)ဦး၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း (၅)ဦး၊ ကရင်တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်လောင်း(၆)ဦးနှင့် ရခိုင်တိုင်းရင်းသား လူမျိုး ကိုယ်စားလှယ်လောင်း (၅)ဦးတို့ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည်ဖြစ်ပြီး ယခုနှစ်တွင် မဲရုံ(၁၁)ရုံ တိုးချဲ့ဖွင့်လှစ် နိုင်ခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
သိန်းသိန်း(ဗိုလ်တထောင်)