မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

မန္တလေး မေ ၁၄

မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်တွင် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ ဦးအေးမောင်၏ လူ့ဘဝလူ့လောကအမြင်စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၁)နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အမျိုးသမီးများ အသိဉာဏ်ပညာဗဟုသုတနှင့် ပြည့်စုံရေးသည် အလွန်အရေးကြီးပါကြောင်း၊ အိမ်ထောင်စုကိုပံ့ပိုးရသောအမျိုးသမီးများအနေဖြင့် ထိုက်သင့်သည့် စာပေဗဟုသုတရှိမှသာ သာယာပျော်ရွှင်သည့် မိသားစုဘဝတည်ဆောက်နိုင်ပါကြောင်း၊ မိမိ၏အားလပ်ချိန်များကို စာပေဗဟုသုတရှာဖွေဖတ်ရှုထားခြင်းဖြင့် အမှား၊အမှန် ဝေဖန်ပိုင်းခြားနိုင်ပါကြောင်းအစရှိသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်ပြီး ပြည်ကြီးတံခွန်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် အမေအုန်းက အမှားအမှန်ဆုံးဖြတ်မှုနှင့်သိမှု၏ သဘာဝအကြောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်မူမူစန်းက လူ၏လွတ်လပ်မှု၊ ပကတိအရှိတရား၊ ရုပ်ဝါဒစိတ်ဝါဒများအကြောင်း၊ စာပေဝါသနာရှင်ဒေါ်မိုးမိုးသွင်က လူ့သမိုင်းနှင့် လူ၏တိုးတက်မှုများအကြောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် မထားထားညိုက လူ၏ဘဝပန်းတိုင်နှင့် ဘဝရည်ရွယ်ချက်များအကြောင်း၊ စာပေဝါသနာရှင်မမြတ်မြတ်သင်းက လူတိုဘ၏မတူခြားနားသည့် အယူအဆများ အကြောင်းတို့ကို သုံးသပ်ဆွေးနွေးကြပြီး အပြန်အလှန်ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)