သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ ရှေးဦးသူနာပြုစုနည်း သင်တန်းဖွင့်လှစ်

သာစည် မေ ၁၄

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းကျင်းပသည့် ရှေးဦးပြုစုနည်းသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်သည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ခွဲမှူးဇော်ဦးက ကြက်ခြေနီအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းတွင် ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာ ရှေးဦးပြုစုခြင်း၊ လူနာတစ်ဦးအားတွေ့ရှိပါက ဆန်းစစ်ရမည့်အချက်များ၊ သွေးယိုထွက်သောလူနာအား ပြုစုနည်း၊ အရိုးကျိုးသောလူနာ အားပြုစုနည်း၊ အပူလောင်သောလူနာအားပြုစုနည်း၊ အသက်ရှူရပ်ခြင်း၊ နှလုံးခုန်ရပ်သောလူနာအားပြုစုနည်း၊ ဆို့နင်ခြင်းဖြစ်သောလူနာအား ပြုစုနည်း၊ နှာခေါင်းသွေးယိုသောလူနာအား ပြုစုနည်း၊ သတိလစ်သောလူနာအား ပြုစုနည်း စသည့် ခေါင်းစဉ်များဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား/သူများနှင့် အမှတ်(၂)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မီးရထားမှ အလယ်တန်းအဆင့် ကျောင်းသား/သူများ စုစုပေါင်း ၃၉ ဦးတို့သင်တန်းတက်ရောက်ကြပြီး သင်တန်းကိုမြို့နယ် ကြက်ခြေနီအသင်းခွဲမှ နည်းပြနှစ်ဦးတို့က နေ့စဉ်နံနက် ၉ နာရီမှ ၁၂ နာရီအထိ သုံးရက်ကြာ စာတွေ့လက်တွေ့ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်