ကော့မှူးတွင် လူ့ဘဝတိုးတက်ရာတိုးတက်ကြောင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကော့မှူး မေ ၁၄

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများ၊ Book Club အသင်းအဖွဲ့ဝင်များ စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ ၄ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က လူငယ်များအနေဖြင့် စာဖတ်ခြင်းကို အလေ့အကျင့်ကောင်းတစ်ခုအနေဖြင့် ပြုလုပ်သင့်ကြောင်း၊ စာအုပ်စာပေများ ဖတ်ရှုခြင်းကြောင့် အမှားအမှန်အား ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ Book Club အသင်းမှ အဖွဲ့ဝင်မောင်သီဟက စာရေးဆရာ သုတေသီဘုန်းမြင့်သွေးရေးသားသည့် “လူ့ဘဝတိုးတက်ရာတိုးတက်ကြောင်း” စာအုပ်ထဲမှ လူ့ဘဝတိုးတက်ရာ တိုးတက်ကြောင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ညီညီအောင်က “လူနှင့်လူဘဝဆိုင်ရာတာဝန်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မရတနာကိုက “လူရယ်အလုပ်ရယ်” ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

ထို့နောက် Book Club အဖွဲ့ဝင်မောင်ညီညီအောင်က ဦးဆောင်ဆွေးနွေးရာ ပညာတတ်၊ ပညာမဲ့၊ အရင်းရှိ၊ အရင်းမဲ့ကွာခြားမှုထက်ပိုပြီး ကွာခြားတာတစ်ခုရှိကြောင်း၊ အဲဒီတစ်ချက်ကပဲအရာရာကို ကွာခြားသွားတယ်၊ ဒီအချက်ကလေးကပဲ လူတစ်ယောက်ရဲ့ ဘဝကိုအဖြေထုတ်သွားတာ၊ လူရဲ့တန်ဖိုးဟာသည် အချက်ပေါ်မှာတည်နေတာဖြစ်ကြောင်း၊ အဲဒီအချက်က ကိုယ်တာဝန်ကိုယ်ရဲဝံ့စွာယူဝံ့သူ၊ ကိုယ်တာဝန်ကိုယ်မယူဝံ့သူနဲ့ မယူနိုင်မှုဖြစ်ကြောင်း၊ ဆရာကြီး ပီမိုးနင်းက နေ့စဉ်နေ့တိုင်း မိမိလုပ်ချင်သောအရာကိုမလုပ်ဘဲ နေတတ်သောသူသည်စွမ်းအားသတ္တိ၊ တန်ခိုးပြည့်ဝ၍ သူတစ်ပါး၏ အလိုကိုဖြည့်ခြင်း၌ လွယ်ကူသောကြောင့် အများချစ်ခြင်းခံရ၍ ကြီးပွားရန်လည်းလွယ်ကူတယ်လို့ ရေးသားထားပါကြောင်း၊ လူမှာငါးမျိုးငါးစားရှိကြောင်း၊ ဒီငါးမျိုးငါးစားထဲမှာ ကိုယ့်ကိုယ်ကို ဘယ်လိုအမျိုးအစားထဲမှာပါနေသလဲဆိုတာ အဖြေရှာကြည့်ပါ၊ (၁) မိမိတစ်ဝမ်းတစ်ခါးလေးကိုမှ မပြုစုနိုင်ဘဲသူတစ်ပါးထံမှ အကူအညီတောင်းရတဲ့ သူတောင်းစားသဖွယ်လူစားမျိုး၊ (၂) မိမိတစ်ကိုယ်ကောင်းသာ ဆောင်ရွက်နိုင်သော လူဖြစ်ရုံလူစား၊ (၃)မိမိအဖို့နှင့် သားမယားအဖို့သာ ဆောင်ရွက်နိုင်သော သာမညလူစားမျိုး၊ (၄) မိမိသားမယားအပြင် ဆွေးမျိုးညာတကာတို့အတွက်ပါ ဆောင်ရွက်နိုင်သော လူတော်အစား၊ (၅) တိုင်းပြည်ကြီးပွားအောင် ဆောင်ရွက်နိုင်သော တကယ့်သူရဲကောင်းလူစားမျိုးတို့ဖြစ်ကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ပြန်/ဆက်)