ကော့မှူး မေ ၁၄
သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ကျူတောချောင်ကျေးရွာ၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်နေကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရေဝပ်သောနေရာများတွင် ပိုးလောက်လန်းများမှတစ်ဆင့် ခြင်များပေါက်ပွားမှုမရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ပေးခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါအန္တရာယ်မှကင်းဝေနိုင်စေရန် ရေတင်ကျန်နိုင်သောဘူးများ၊ ရေပုံး၊ ရေအိုးများ၊ ရေတိုင်ကီများ၊ ကျောက်စီပိုင်းများ၊ အုတ်ကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေးနေကြကြောင်း သိရသည်။
အဆိုပါ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျူံဒရယ်ကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိပြီး ကျူတောချောင်ကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါ လူနာတစ်ဦးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကျော်သူရ(ပြန်/ဆက်)