ဟိုမိန်း နိုဝင်ဘာ ၈
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပသည့် နိုဝင်ဘာ ၈ ရက်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့အတွင်း မြို့ပေါ်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃)စုမှ မဲရုံ (၉) ရုံတွင် မဲဆန္ဒရှင်ပြည်သူများက ယနေ့ နံနက် ၆ နာရီမှစ၍ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
မဲရုံအသီးသီး၌ မဲရုံစတင်မဖွင့်လှစ်မီ နံနက် ၅ နာရီခွဲ အချိန်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များနှင့် မဲရုံမှူးများက ပါတီအသီးသီးမှ ကိုယ်စားလှယ်များ၊ စောင့်ကြည့်လေ့လာသူများရှေ့တွင် သက်ဆိုင်ရာ လွှတ်တော်အသီးသီး၏ မဲပုံးများကို လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ပြီး နံနက် ၆ နာရီတွင် မဲရုံများစတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဆန္ဒမဲပေးမည့် ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လက်သန့်ဆေးရည်ဖျန်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းများ အသစ်လဲ လှယ်ပေးခြင်း၊ တစ်ဦးနှင့် တစ်ဦး (၆)ပေခွာ၍ စနစ်တကျတန်းစီ ဝင်ရောက်စေပြီး မဲဆန္ဒရှင် ပြည်သူများက ဆန္ဒမဲပေးခဲ့ကြသည်။
မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနေမှုကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းနှင့် တာဝန်ရှိ သူများက မြို့ပေါ်ရပ်ကွက်များရှိ မဲရုံများသို့ လှည့်လည်ကြည့်ကာ မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးနေမှု အဆင်ပြေစေ ရေးနှင့် အခက်အခဲများမရှိစေရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟိုမိန်းမြို့တွင် မြို့ပေါ်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃)စုမှ မဲရုံ (၉) ရုံတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၅၆၃) ဦးရှိကြောင်း၊ အဆိုပါ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနက်မှ ရပ်ကွက်နှင့်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများထံ ကြိုတင်ဆန္ဒမဲပေးပြီးသူ (၆၉၁) ဦးရှိကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ရဲနောင်(ဟိုမိန်း)