စဉ့်ကိုင်မြို့နယ်၌ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြော

စဉ့်ကိုင် မေ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍   ကလေးအလုပ်သမားပပျောက်ရေး  အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကလေးသူငယ်များသည် စာသင်ခန်းတွင် ပညာသင်ကြားနေကြရမည့်အရွယ် ဖြစ်သော်လည်း စားဝတ်နေရေးအလို့ငှာ လုပ်ငန်းခွင်ထဲသို့ ရောက်ရှိနေကြရခြင်းမှာ ကလေးငယ်များ၏ အနာဂတ်ကို သာမက နိုင်ငံတော်၏ အနာဂတ်ကိုပါ များစွာထိခိုက်နစ်နာစေသည့်အတွက် ကလေးအလုပ်သမား လျော့နည်း ပပျောက်စေရန် ရည်ရွယ်၍ ယခုလိုအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့စုမှ တပ်ဖွဲ့မှူး ဒေါ်နီနီက အသက်(၁၄) နှစ် မပြည့်သေးသည့် မည်သည့်ကလေးကိုမျှ ဆိုင်၊ အလုပ်ဌာန၊ အများပျော်ရွှင်ရေး အလုပ်ဌာနများတွင် လုပ်ခွင့်မပြုကြောင်းနှင့် အသက်(၁၄)နှစ်ပြည့်ပြီး အသက်(၁၈)နှစ် မပြည့်သေးသူကို အသက်မွေးဝမ်းကျောင်း သင်တန်းဆင်းလက်မှတ်၊ ကျန်းမာကြောင်း ဆရာဝန်၏ထောက်ခံချက်ဖြင့် အလုပ်လုပ်ခွင့်ပြုနိုင်ကြောင်း စသည့် ကလေးအလုပ်သမား၏ အသက်အရွယ်များနှင့် အလုပ်ချိန် ကန့်သတ်ချက်များကိုလည်းကောင်း၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မနှင့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမား ပပျောက်ရေး၊ အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)