ရပ်စောက်၌ (၄၀) ကြိမ်မြောက် အသံမစဲအဘိဓမ္မာဒေသနာတော် (၇)ကျမ်းပူဇော်ပွဲ အခမ်းအနားကျင်းပ

ရပ်စောက် မေ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့ စန္ဒကူးကျောင်းတော်ကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၄၀)ကြိမ်မြောက် အသံမစဲအဘိဓမ္မာဒေသနာတော်(၇)ကြမ်း ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကြွရောက်လာကြသော ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီးနောက် ဂေါပကအဖွဲ့ဝင် ဦးထိန်ဝင်းထွန်းနှင့် မတ္တရာမြို့မှ ဦးဇောတိက အရှင်သူမြတ်တို့က အနန္တနယပဋ္ဌာနံ၊ ဇယစက္ကောဇယန္တောယော စသောဂါထာတော်များဖြင့် ဘုရားရှိခိုးခဲ့ကြသည်။

ဆက်လက်၍ ဓမ္မစင်္ကြာအသင်းများမှ အဘိဓမ္မာရှစ်လုံးဖွဲ့ကဗျာများဖြင့် ပူဇော်ပြီး ဧည့်ပရိတ်သတ်များက စန္ဒကူးကျောင်း ဆရာတော်အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်သံဃာတော်များထံမှ မေတ္တာသုတ်တရားတော်အား နာယူခဲ့ကြသည်။

အဆိုပါ (၄၀)ကြိမ်မြောက် စန္ဒကူးကျောင်းတော်ကြီး၏ အသံမစဲအဘိဓမ္မာဒေသနာတော်(၇) ကျမ်းပူဇော်ပွဲကို မေ ၁၄ ရက်မှ ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)