စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မြန်မာ့သိုင်းပညာသင်တန်း(အခမဲ့)ဖွင့်လှစ်

စဉ့်ကိုင် မေ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်ပြီး စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍  မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြန်မာ့သိုင်းပညာသင်တန်း (အခမဲ့)ကို  ယနေ့ နံနက် ၈ နာရီအချိန်မှ စတင်ဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးရာတွင် လူငယ်မောင်မယ်များ အတွက် နွေရာသီကျောင်းပိတ်ရက်များကို တန်ဖိုးရှိစွာ ဖြတ်သန်းစေလိုပါကြောင်း၊ အားလပ်ချိန်များကို အသိပညာ၊ အတတ်ပညာများ ဆည်းပူးလေ့ကျင့်ရန် လိုအပ်ပါကြောင်း၊  မိမိတို့ဌာနအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်များတွင် စာစီစာကုံး ရေးသားနည်းသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်းများကို အခမဲ့ ဖွင့်လှစ်ပေးပြီး ယခုအခါ  မြန်မာ့သိုင်းပညာသင်တန်း၊ အေရိုးဗစ်သင်တန်းများကိုလည်း စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် သင်တန်းနည်းပြ ဆရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ရဲနိုင်က သင်တန်းသား/သူတို့အား မြန်မာ့သိုင်းပညာသင်တန်းမပို့ချမီ ဦးစွာအကြောလျော့နည်း (၁၀)မျိုးကို ပြုလုပ်စေခဲ့ပြီး  အခြေခံကြ‌  သော မြန်မာ့သိုင်းပညာ ကျင့်စဉ်နည်းလမ်းအဆင့်ဆင့်တို့ကို နံနက် ၈ နာရီမှ ၁၀ နာရီအထိ လက်တွေ့ပို့ချသင်ကြား‌‌ပေးခဲ့‌ကြောင်း သိရသည်။

အဆိုပါ မြန်မာ့သိုင်းပညာသင်တန်းကို (၁၃-၅-၂၀၂၄)မှ (၁၇-၅-၂၀၂၄)အထိ ၅ ရက်တိုင်တိုင် (အခမဲ့) ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)