ရမည်းသင်း မေ ၁၄
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဝင်းထိန်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ရမည်းသင်းမြို့ ကတင်ရေးရွာ ကွင်းအမှတ် ၁၀၈၉၊ ဝါသီးနှံ စိုက်ဧက (၄၅၁) ဧက စိုက်ခင်း၌ ယနေ့နံနက် ၈ နာရီခွဲ အချိန်၌ ကတင်ကျေးရွာ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မိမိတို့အဖွဲ့ ယခုလို စိုက်ပျိုးရေးတောင်သူများနှင့် တွေ့ဆုံခြင်းမှာ နိုင်ငံတော်အကြီးအကဲ၏ ရည်မှန်းချက် သဘေားထားကို သိရှိစေရန် လာရောက် ချပြခြင်းဖြစ်ကြောင်းကို ပြောကြားခဲ့ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းထိန်မှ စိုက်ပျိုးရေးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုအပေါ် ရှင်းလင်းတင်ပြပြီး ကတင်ကျေးရွာမှ ဝါသီးနှံ စိုက်ပျိုးသည့် တောင်သူ ဦးကျော်ဝင်းမှ မိမိတို့ကျေးရွာသို့ ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ယခုလို လာရောက်၍ ဝမ်းသာပါကြောင်း၊ မိမိတို့ တောင်သူများမှ ဝါစိုက်ပျိုးမှုကို ကြိုးစားဆောင်ရွက်လျက်ရှိကာ ယခုအခါ ဝါသီးနှံစျေးနှုန်းမှာ လျော့နည်းကျဆင်းနေ၍ တောင်သူများအနေဖြင့် ဝါစျေးနှုန်း တိုးမြှင့်ဖို့ကို လိုလားလျက်ရှိကြောင်း၊ ဝါစိုက်ဧရိယာအနီးရှိ ကတင်ကန်မှာ အမှိုက်များဖြင့်ကောနေ၍ ပြန်လည်ပြုပြင်ပေးရန် တင်ပြရာ တိုင်းဒေသကြီး ဆည်မြောင်းဦးစီးမှူး ဦးဇော်မင်းနိုင်မှ ဆည်မြောင်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ပေးမှုကို ရှင်းလင်းပြောကြားပြီး တောင်သူ ဦးညွန့်ရွှေမှ ကတင်ကျေးရွာရှိ အလယ်တန်းကျောင်းကို အထက်တန်းကျောင်းအဆင့် မြင့်တင်ပေးနိုင်ပါရန်နှင့် ကျေးရွာကျေးလက်ဆေးပေးခန်းအား ကျန်းမာရေးဝန်ထမ်းများကို ပုံမှန်ထားရှိပေးနိုင်ရေးတို့ကို တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဝါစိုက်တောင်သူများ၏ စိုက်ခင်းအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်ချက်များ ကူညီပံ့ပိုးသွားရန် တာဝန်ရှိသူများအား မှာကြားသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဌာနဆိုင်ရာ တာဝန်ရှိသူများ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ဝါစိုက်တောင်သူ (၃၀)ဦးတို့ တက်ရောက်ကြကြောင်း သတင်းရသည်။
ခရိုင်(ပြန်/ဆက်)