ဗိုလ်တထောင် မေ ၁၄
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၁၉၉၆ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သော အပတ်စဉ်(၁၅)သင်တန်းဆင်းအရာရှိများ၏ (၂၈)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းလှူဒါန်းပွဲအခမ်းအနားကို နှစ်ပိုင်းခွဲ၍လှူဒါန်းပွဲကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ဓမ္မဇေယျာစာသင်တိုက်နှင့် သာကေတမြို့နယ် နတ်မောက်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့၌ နံနက်ပိုင်းနှင့်နေ့လယ်ပိုင်းနှစ်ပိုင်းခွဲ၍ ယမန်နေ့က လှူဒါန်းမှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါလှူဒါန်းပွဲနံနက်ပိုင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ဓမ္မဇေယျာစာသင်တိုက်တွင် ကျင်းပြုလုပ်ခဲ့ရာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်တန်းအမှတ်စဉ်(၁၅)မှ သင်တန်းဆင်းအရာရှိတစ်ဦးက စုပေါင်းလှူဒါန်းရခြင်းနှင့်ပတ်သက်၍ လျှောက်ထားတင်ပြခဲ့ပြီး ဓမ္မဇေယျာစာသင်တိုက်ကြီး၏ နာယကဆရာတော် ဘဒ္ဒန္တဣန္ဒက၊ သဓမ္မဇောတိကဓဇ၊ သာသနာဓဇဓမ္မာစရိယ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ထံမှ သရဏဂုံ(၃)ပါးနှင့်တကွ ငါးပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်လာသော ဆရာတော်၊ သံဃာတော်များမှ မင်္ဂသုတ်၊ ရတနသုတ်၊ မေတ္တသုတ်၊ ဓဇဂ္ဂသုတ်၊ ဗုဒ္ဓဂုဏ်တော်၊ ဓမ္မဂုဏ်တော်၊ သံဃာ့ဂုဏ်တော်၊ ပုဗ္ဗဏှသုတ်တော်လာယံဒုန္ဒိမိတ္တံအဝ(၃)ဂါထာ၊ ဘဝတုသဗ္ဗမင်္ဂလံ(၃)ဂါထာ၊ အာဋာနာဋိယသုတ်တော်လာသဗ္ဗေတိယောဂါထာတို့ဖြင့် ရွတ်ဖတ်ပူဇော်ပြီးလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြခဲ့ကြသည်။
ထို့နောက်အပတ်စဉ်(၁၅)မှ သင်တန်းသားအရာရှိများထဲမှ ဘဝတစ်ပါးသို့ပြောင်းသွားကွယ်လွန်သွားကြသော အရာရှိများအားရည်စူး၍ ရေစက်သွန်းချအမျှအတန်းပေးဝေခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု(၃ )ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားအပြီးတွင် ဆရာတော်သံဃာတော်များနှင့် ဓမ္မဇေယျာစာသင်တိုက်ကျောင်းရှိ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းနှင့်အချိုပွဲများဆက်ကပ်လှူဒါန်းခြင်း၊ ဖိတ်ကြားထားသောမိတ်ဆွေသင်္ဂများအား ကျွေးမွေးဧည့်ခံခြင်းများဆောင်ရွက်ခဲ့ကြပြီး နံနက်ပိုင်းလှူဒါန်းပွဲအခမ်းအနားပြီးမြောက်ခဲ့သည်။
ဆက်လက်၍ ဒုတိယပိုင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် နတ်မောက်ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် လှူဒါန်းပွဲကိုကျင်းပရာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်တန်းအမှတ်စဉ်(၁၅)မှ သင်တန်းဆင်းအရာရှိတစ်ဦးက (၂၈)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းလှူဒါန်းရခြင်းနှင့်ပတ်သက်၍ လျှောက်ထားတင်ပြပြီး နတ်မောက်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ အရှင်ဉာဏိက(ဝန်ပိုဆရာတော်) သာသနာ့ဓဇဓမ္မာစရိယ ဝိနယဝိဒူ ဘာသန္တရဆေက ဓမ္မာစရိယB.A(Indo -Aryan)(M.B.U)ထံမှ သရဏဂုံ(၃)ပါးနှင့်တကွ ငါးပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်လာသော ဆရာတော်၊ သံဃာတော်များမှ မင်္ဂသုတ်၊ ရတနသုတ်၊ မေတ္တသုတ်၊ ဓဇဂ္ဂသုတ်၊ ဗုဒ္ဓဂုဏ်တော်၊ ဓမ္မဂုဏ်တော်၊ သံဃာ့ဂုဏ်တော်၊ ပုဗ္ဗဏှသုတ်တော်လာယံဒုန္ဒိမိတ္တံအဝ(၃)ဂါထာ၊ ဘဝတုသဗ္ဗမင်္ဂလံ(၃)ဂါထာ၊ အာဋာနာဋိယသုတ်တော်လာ သဗ္ဗေတိယောဂါထာတို့ဖြင့် ရွတ်ဖတ်ပူဇော်ပေးခဲ့ကြသည်။
၎င်းနောက်နတ်မောက်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွက် မတည်အလှူငွေကျပ်(၁၀)သိန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ စာသင်သား ကိုရင်၊ ရဟန်း၊ သံဃာတော်များအား ဝတ္ထုငွေများ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် အအေးများဆက်ကပ်လှူဒါန်းခဲ့ကြပြီး အပတ်စဉ်(၁၅) သင်တန်းသားအရာရှိများထဲမှ ဘဝတစ်ပါးသို့ ပြောင်းသွားကွယ်လွန်သွားကြသော အရာရှိသူငယ်ချင်းများအားရည်စူး၍ ရေစက်သွန်းချအမျှအတန်းပေးဝေခဲ့ပြီး အခမ်းအနားကိုဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့သည်။
အဆိုပါ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အပတ်စဉ်(၁၅)သင်တန်းဆင်းအရာရှိများ၏ (၂၈)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းအလှူတော်မင်္ဂလာတွင် လှူဒါန်းခဲ့သောတန်ဖိုးငွေစုစုပေါင်းမှာ(၄၂၅၀၀၀၀ိ/-) (ကျပ်လေးဆယ့်နှစ်သိန်းငါးသောင်းတိတိ)ဖြစ်ပါကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အပတ်စဉ်(၁၅)သင်တန်းဆင်းအရာရှိတစ်ဦးထံမှ သိရှိရသည်။ ဆက်လက်၍လည်း နောင်နှစ်နောင်နှစ်များတွင်လည်း နှစ်ပတ်လည်အထိမ်းအမှတ်စုပေါင်းလှူဒါန်းပွဲများကို နှစ်စဉ်နှစ်တိုင်းစဉ်ဆက်မပြတ်သူငယ်ချင်းများအားလုံးစုပေါင်း၍ အစဉ်အလာမပျက်လှူဒါန်းကြမည်ဖြစ်ကြောင်း သိရှိရပါသည်။
ခင်ဝင်း(ပြန်/ဆက်)