နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အလင်းစီမံချက်ဖြင့် မျက်စိဝေဒနာရှင်များအား အခမဲ့မျက်စိခွဲစိတ်ကုသဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေး

နေပြည်တော် မေ ၁၄

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွန်မှုဖြင့် နေပြည်တော်ကုသရေးဦးစီးဌာနမှဦးဆောင်၍ နေပြည်တော်ပြည်သူဆေးရုံကြီး(ခုတင်-၃၀၀)မှ မျက်စိအထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်ကြီး(ဆေးပညာ)နှင့် အထူးကုဆရာဝန်ကြီးများပါဝင်သော အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)၌ နေပြည်တော်အလင်းစီမံချက်ဖြင့် ဒေသခံပြည်သူများအား အခမဲ့ မျက်စိခွဲစိတ်ကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်း ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းနိုင်စိုး၊ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက မျက်စိအထူးကုဆရာဝန်ကြီးအပါအဝင် အထူးကုဆရာဝန်ကြီးများက ဒေသခံပြည်သူများအား  အခမဲ့မျက်စိခွဲစိတ်ကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို လိုက်လံရှင်းလင်းပြသရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မျက်စိခွဲစိတ်ကုသမှုခံယူပြီးသည့် လူနာများအား ဆေးမျက်မှန်များ တပ်ဆင်ပေးခဲ့သည်။

ယင်းနောက် အစည်းအဝေးခန်းမ၌ ဒုတိယညွန်ကြားရေးမှူးချုပ်(ကုသရေးဦးစီးဌာန)နှင့် နေပြည်တော်ကုသရေးဦးစီးဌာနမှူးက နေပြည်တော်အလင်းနှင့် နေပြည်တော်အပြုံးစီမံချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက အထူးကုဆရာဝန်ကြီးများအား အမှတ်တရသစ်သီးခြင်း ပေးအပ်ကာ လာရောက်ဆေးကုသမှုခံယူသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အာဟာရနှင့် စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ကာ ဆေးရုံအတွင်း မျက်စိကုသဆောင်တွင် ခွဲစိတ်ကုသမှုခံယူနေသည့် လူနာများ၊ ခွဲစိတ်ခန်းတွင် မျက်စိခွဲစိတ်ကုသ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ယနေ့ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)တွင် နေပြည်တော်အလင်းစီမံချက်ဖြင့် မြို့နယ်များမှ ညွှန်းပို့လာသည့် မျက်စိဝေဒနာရှင် (၄၅)ဦးအား စမ်းသပ်စစ်ဆေးခြင်းများဆောင်ရွက်ပေးခဲ့ပြီး ခွဲစိတ်ကုသရန် လိုအပ်သည့် လူနာ (၂၇) ဦးအား အခမဲ့မျက်စိခွဲစိတ်ကုသ​ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပု​ဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစု၊ ကွက်သစ်ရပ်ကွက်အတွင်းရှိ  ပညာ့အလင်းရောင်စာကြည့်တိုက်သို့ ရောက်ရှိပြီး စာကြည့်တိုက်တွင် စာအုပ်စာပေများ စုံစုံလင်လင်ထားရှိနိုင်ရေး၊ ကျေးလက်နေပြည်သူများ အသိပညာတိုးပွားနိုင်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အဓိကအထောက်အကူပြုပေးနိုင်သည့် စာအုပ်စာပေများထားရှိနိုင်ရေး၊ လူငယ်လူရွယ်များ စာဖတ်သည့် အခွင့်အလမ်းများရရှိရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားပြီး စာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့်  ၃၈ ဖြာမင်္ဂလာ၊ ဗုဒ္ဓဝင်၊ ဘုရားရှိခိုးနှင့် ပြည်သူ့နီတိစာအုပ်များကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)