ဒဂုံတောင် နိုဝင်ဘာ ၈
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျရောက်သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ပြည်သူများ ဆန္ဒမဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန် ယနေ့ နံနက် (၆) နာရီမှ စတင်ကာ ကျန်းမာရေးနှင့်အညီ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါသည် လူထူထပ်ရာနေရာများတွင် ကူးစက်ပျံ့ပွားနိုင်သည့် ရောဂါမျိုး ဖြစ်သဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေးရာ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရန် ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ကိုယ်အပူချိန် တိုင်းတာခြင်း၊ မဲရုံအဝင်တွင် တစ်ဦးနှင့် တစ်ဦး (၆) ပေခွာ တန်းစီစေပြီး မဲရုံအတွင်း ဝင်ရောက်ချိန်၌ လက်များကို ဆေးကြောသန့်စင်နိုင်စေရန် Hand Gel များဖြင့် ဆေးကြောသန့်စင်ပေးခြင်း၊ ပြင်ပမှတပ်ဆင် အသုံးပြုလာသော နှာခေါင်းစည်း (Mask) များကို အမှိုက်ပုံးထဲသို့ စနစ်တကျစွန့်ပစ်စေပြီး နှာခေါင်းစည်း (Mask) နှင့် Face Shields များကို အသစ်တပ်ဆင်စေပြီးမှ မဲရုံအတွင်းသို့ ဝင်ရောက်မဲပေးစေပြီး မဲရုံပရဝဏ်အတွင်း နေရာများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆန္ဒမဲပေးခြင်းနှင့် အသိပညာပေး ပိုစတာများကို ပြသထားကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးလမ်းညွှန်မှုများနှင့်အညီ ဆန္ဒမဲပေးနေမှုအား ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်ကို၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
သက်မင်းဟန်(ဒဂုံတောင်)