ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်

နေပြည်တော် မေ ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တိုင်း၊ ခရိုင်၊ မြို့နယ်များတွင်တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်းစွမ်းဆောင်ရည်မြင့်မားစေရန်နှင့် ငွေစာရင်းလုပ်ငန်းများတွင် ကျွမ်းကျင်ပိုင်နိုင်စွာနှင့် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

အဆိုပါသင်တန်းတွင် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းတွင် သင်ကြားပို့ချမည့်သင်ခန်းစာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် သင်တန်းကို ဆက်လက်ကျင်းပရာ သင်တန်းနည်းပြများက ဘဏ္ဍာရေးစည်းမျဉ်းအဓိပ္ပါယ်၊ ဌစများ ရေးဆွဲနည်း၊ ရသစ-၆ စာရင်းရေးဆွဲနည်း၊ လစာနှင့် အသုံးစရိတ်အခြေခံမူများ၊ ဦးစီးဌာနများအတွက် ငွေစာရင်းထိန်းသိမ်းရေးနည်းလမ်းများနှင့် ငွေစာရင်းဆိုင်ရာ သိသင့်သည့် အထွေထွေပညာရပ်များကို သင်တန်းသူ/ သင်တန်းသားများအား မေလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့ အထိ နှစ်ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်အတွင်းရှိ အရာထမ်းနှင့် အမှုထမ်းဝန်ထမ်းများ  တက်ရောက်ကြသည်။

ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုသင်တန်းအပြင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားလာစေရန် အထောက်အကူဖြစ်စေမည့် အခြားသင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေထက်ပိုင်(ပြန်/ဆက်)