တိုက်ကြီး မေ ၁၄
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးရုံးတွင် ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက် မှစတင်၍ အခမဲ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်အတွင်း ဦးတည်အုပ်စုအလိုက် အမည်စာရင်းရယူထားသော ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများ အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားရှိသူတိုင်းအား Biographic Data နှင့် Biometric Data များကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း (၁၀) လုံး ပါဝင်သည့် Unique lD နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းကို နေ့စဉ် နံနက် ၉နာရီခွဲမှ ညနေ ၄နာရီခွဲအထိ စနေ၊ တနင်္ဂနွေနှင့် အခြားရုံးပိတ်ရက်များမပါ သတ်မှတ်စုရပ်နေရာတွင် ဆောင်ရွက်ပေးလျက်ရှိပြီး လာရောက်ဆောင်ရွက်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာရမည်ဖြစ်သည်။
ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူပြီးသူများ၏ Biographic Data နှင့် Biometric Data များကို Database တွင် သိမ်းဆည်းကာ ဂဏန်း (၁၀)လုံးပါဝင်သည့် Unique ID နံပါတ်ပါကတ်ပြားများကို နေ့ချင်းပြီးထုတ်ပေးလျက်ရှိပြီး အဆိုပါလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မင်းထွေးက အနီးကပ်ကြီးကြပ်၍ လုပ်ငန်းအဆင်ပြေချောမွေ့စေရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)