မလှိုင် မေ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၌ (၂၅) ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အကြို လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန “ဇေယျာအောင်သံ” အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အမှာစကား ပြောကြားရာတွင် မလှိုင်မြို့နယ်အနေဖြင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက အရေး ၊ အတီး ပြိုင်ပွဲတွင် မလှိုင်မြို့နယ်မှ နိုင်ငံတော်အဆင့် ရွှေတံဆိပ်ဆု(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည့် အတွက် ယခုနှစ်ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်ဆုများ ရရှိရေးအတွက် သတ်မှတ် အသက်အရွယ်အလိုက် ကြိုတင်လေ့ကျင့်ပြင်ဆင်ထားရန်၊ ဘာသာရပ်အလိုက် ယှဉ်ပြိုင်ရမည့် သတ်မှတ်ထားသည့် တေးသီချင်းများ ထွက်ရှိပြီးဖြစ်၍ ပညာရေးဌာနသို့ ပေးပို့ထားပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာ အခြေခံပညာကျောင်းများသို့ ဆက်လက်ဖြန့်ဝေပေးသွားရန်နှင့် ယခင်နှစ်က မြို့နယ် ၊ ခရိုင် ၊ တိုင်း ဗဟိုအဆင့် ပြိုင်ပွဲဝင်များနှင့် ရွက်ပုန်းသီးဝါသနာရှင်များကို ကြိုတင်လေ့ကျင့် ဆောင်ရွက်ပေးသွားရန် မှာကြားခဲ့သည်။
ထို့နောက် အဖွဲ့ဝင်(၁) ဗိုလ်မှူးဝေဖြိုးက မလှိုင်မြို့နယ်သည် ပညာရေးအခြေခံကောင်းသည့် မြို့နယ်ဖြစ်၍ ဘက်စုံထူးချွန်သည့် ကျောင်းသား/ကျောင်းသူများ ပေါ်ထွန်းလာအောင် ဆရာကြီး/ ဆရာမကြီးများအနေဖြင့် ကြိုးစားစေလိုကြောင်း ၊ အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲတွင်သာမက လူရည်ချွန်များ၊ နွေရာသီ လေကြောင်း၊ ရေကြောင်း လူငယ်သင်တန်းများတွင်လည်း တက်ရောက်နိုင်ရေး အလေးထားဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးရဲမြင့်က ဝါသနာအရင်းခံတဲ့ ပြိုင်ပွဲဝင်မည့် ကလေးများကို ရွေးချယ်ပေးရန်နှင့် လေ့ကျင့်ရန် အခက်အခဲ ရှိပါက တင်ပြပေးရန်၊ မိမိတို့ဘက်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးဝေဖြိုး၊ အဖွဲ့ဝင်(၂) ဦးအောင်ကျော်သူ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးရဲမြင့်၊ အထက်တန်း ၊ အလယ်တန်း ၊ ကျောင်းအုပ်ဆရာ/ဆရာမများနှင့် ကျောင်းမိသားစု ခေါင်းဆောင်များ ပုဂ္ဂလိကကျောင်းများမှ တာဝန်ခံကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ (၈၁)ဦးခန့် တက်ရောက်ခဲ့ ကြောင်း သိရသည်။
အောင်ဌေး (မလှိုင်)