ရန်ကုန် မေ ၁၄
ဒေသတွင်း တစ်ပိုင်တစ်နိုင်လုပ်ကိုင်သော အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရေး၊ မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ အမှတ်စဥ် (၂/၂၀၂၄-၂၀၂၅) သင်တန်းကို မေလ(၁၃) ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်အဝေးခန်းမတွင် (အခမဲ့) ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မေလ(၁၃)ရက်နေ့မှ မေလ(၁၇)ရက်နေ့အထိ(၅)ရက်ကြာဖွင့်လှစ် သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းဖွင့်ပွဲတွင်လည်း မှော်ဘီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်နှင့် အဖွဲ့ဝင် (၂ )ဦးဝင်းစိုးတို့က အဖွင့်အမှာစကားများပြောကြားခဲ့ကြပြီး မှော်ဘီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဇော်ထွန်းက သင်တန်းဖွင့်လှစ်ဖြစ်ပုံနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို တက်ရောက်လာကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်သင်တန်းသား/ သူများကို ရှင်းလင်းပြောကြားခဲ့သည်။
သင်တန်းတွင် ဆပ်ပြာရည်အမျိုးမျိုး၊ ခေါင်းလျှော်ရည်အမျိုးမျိုး၊ ဆပ်ပြာခဲအမျိုးမျိုး၊ လက်သန့်ဆေးရည်အမျိုးမျိုး၊ ဓာတုပစ္စည်းများနှင့် ပတ်သက်သည့် သိကောင်းစရာများ၊ Packaging နှင့် ပတ်သက်သည့် သိကောင်းစရာများ၊ GMP၊ GHP အကြောင်းအရာများ၊ စီးပွားရေးစီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် သိကောင်းစရာများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများ၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အမှတ်တံဆိပ်တွင် ဖော်ပြရမည့်အချက်အလက်များအကြောင်း စသည့်ဘာသာရပ်များကို စာတွေ့(၃၀%)၊ လက်တွေ့(၇၀%)သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်