မန္တလေး မေ ၁၄
လူငယ်လူရွယ်များ စာပေဗဟုသုတနှင့် ပြည့်စုံစေရန်၊ စာပေဖတ်ရှုရာမှ လေ့လာမှတ်သားပြီး စနစ်တကျ ရေးသားတတ်စေရန်၊ စာပေကို ဖတ်မှတ်လေ့လာရုံသာမက မိမိတို့ အတွေးအခေါ်များကို ပြန်လည်မျှဝေတတ်စေရန်၊ စာပေဗဟုသုတနှင့် ပြည့်စုံသော လူကောင်းလူတော်များ ပေါ်ထွက်လာစေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာစီစာကုံးပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယနေ့ နံနက် (၉)နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက မိမိတို့ လူငယ်များ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရေးအတွက် စာပေဖတ်ရှုရန် လိုအပ်ပါကြောင်း၊ စာအုပ်စာပေများကို အခမဲ့ ငှားရမ်းဖတ်ရှုနိုင်အောင် စီစဉ်ထားရှိပါကြောင်း၊ ဖတ်မှတ်လေ့လာရုံသာမက စာပေအရေးအသား အတတ် ပညာများကိုပါ ရရှိစေရန် ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးပြီး ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က ပြိုင်ပွဲဝင်စည်းကမ်းများကို ဆက်လက်ရှင်းလင်းဆွေးနွေးပါသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် "အလိမ္မာစာမှာရှိ"၊ "ပညာဘဏ်တိုက်စာကြည့်တိုက်"၊ "လူငယ်နှင့်စာပေ" ခေါင်းစဉ်များ သတ်မှတ်ပေးထားပြီး စိတ်ကြိုက်ပန်းချီပြိုင်ပွဲများလည်း ဆက်လက်ကျင်းပခဲ့ကြောင်းနှင့် ပြိုင်ပွဲဝင် (၁၀) ဦး ပါဝင်ယှဉ်ပြိုင်ကြောင်း သိရသည်။
မြင့်မြင့်သန်း(ပြန်/ဆက်)