ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး

ဟိုပုံး  နိုဝင်ဘာ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီမှစတင်၍ ဟိုပုံးမြို့နယ် အတွင်းရှိ မဲရုံများတွင် တစ်ပြိုင်တည်းကျင်းပရာ မဲဆန္ဒရှင်ပြည်သူများက အေးချမ်းစွာ ဆန္ဒမဲပေး ခဲ့ကြကြောင်း သိရသည်။

မဲရုံများ မဖွင့်လှစ်မီ မဲရုံမှူးများနှင့် မဲရုံတာဝန်ရှိသူများက လွှတ်တော်ကိုယ်စားလှယ်လောင်း များ၏ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများရှေ့မှောက်တွင် မဲပုံးများအတွင်း မည်သည့်အရာမျှ မရှိကြောင်းပြသပြီး အဖုံးများကို လုံခြုံစွာပိတ်ကာ သတ်မှတ်နေရာများ၌ နေရာချထားကြသည်။ ထို့နောက် မဲရုံဖွင့်လှစ်ကြောင်းကြေညာသည်နှင့် ဆန္ဒမဲလက်မှတ်များကို စနစ်တကျ ထုတ်ယူကြပြီး လွတ်လပ်စွာ ဆန္ဒမဲပေးကြသည်။

မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲစာရင်း စစ်ဆေးသူ၊ မဲလက်မှတ်ထုတ်ပေးသူနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျစီစဉ်ဆောင်ရွက်ပေးခဲ့ကြသည်။

ဟိုပုံးမြို့နယ်တွင် မဲရုံ ၈၀ ရုံ ဖွင့်လှစ်ထားရှိပြီး မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ၈၂၅၇၂ ဦး ရှိကြောင်း  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)