မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများ အသင်း (Book Club) ဖြင့် စာဖတ်ဝိုင်းကျင်းပ

မိုင်းခုတ် မေ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ ယနေ့နံနက် (၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖေမြင့်ရေးသားသော “စိတ်ဓာတ်နှင့်နည်းနာအောင်မြင်ရေးစာစု” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သီတာအေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ အများပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ပေါ်စေရေးနှင့် လူငယ်များအနေဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများရရှိစေရေးအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း တချို့လူများက သူတကာထက် ထူးခြားအောင်မြင်ကြတယ်၊ အများစုက သူလိုငါလိုဖြင့် ဘဝတစ်ခုပြီးဆုံးကြရတယ်၊ ဘာကြောင့်တချို့က ထူးခြားအောင်မြင်ရသလဲ၊ အများသူငါလို အမှုမဲ့အမှတ်မဲ့မနေ အမြဲစဥ်းစားကြံဆ လုပ်ကိုင်နေသောကြောင့်ဖြစ်တယ်၊ တစ်နည်းဆိုရသော် နိုးကြားတက်ကြွသူတွေဖြစ်တယ်၊ သူတို့ဘဝ အဓိပ္ပာယ်ရှိရာရှိကြောင်း မြင့်မားရာမြင့်မားကြောင်း ကြိုးစားအားထုတ် လုပ်ကိုင်လိုသည့် စိတ်ဓာတ်ရှိတယ်၊ သူတို့မှာ နည်းနာလဲရှိတယ်၊ ဘဝတိုးတက်အောင်မြင်ရေးဆိုင်ရာ စာတွေ့လက်တွေ့နည်းနာ၊ စိတ်ဓာတ်နည်းနာပါပြည့်စုံတဲ့အခါ သူတို့အလုပ်တွေ သွက်လက်ထက်မြက်တယ်၊ ထိရောက်အောင်မြင်တယ်၊ လူအများထက် ထူးခြားစွမ်းဆောင်နိုင်သူအဖြစ် ထင်ရှားပေါ်လွင်လာတယ်၊ လူအများ၏ လေးစားသိမှတ်ခြင်းခံရကြောင်း​ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက “လူငယ်နှင့်တိုးတက်ကြီးပွားရေး”၊ “ကိုယ့်ခရီးလမ်းဖြောင့်တန်းအောင်”၊ “အောင်မြင်မှုအတွက် အဓိကသော့ချက်”၊ “အကောင်းမြင်သမား၏ ထူးခြားသောလက္ခဏာ”၊ “အောင်မြင်ရေးပညာရှင်တို့၏ လက်စွဲနည်းနာများ” စသည့်ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော စာပေဝါသနာရှင်များကလည်း စာအုပ်ပါအကြောင်းအရာများကို ၀င်ရောက်ဖတ်ရှုဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လစဥ်ကျင်းပပြုလုပ်လျက်ရှိ​ပြီး စိတ်ပါ၀င်စားသူများအနေဖြင့် တက်ရောက် လေ့လာနိုင်ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)