တံတား မေ ၁၄
ရန်ကုန်တိုင်းသေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြည်သူများစာဖက်ခြင်းဖြင့်အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်၊ ကိုယ်ပိုင်သီးသန့်စာဖတ်ချိန် ရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ဆွေးနွေးတတ်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဆရာရေးဆရာမောင်မင်းစိုးရေးသားသည့် “ လူငယ်နှင့်အထက်တန်းစားစိတ်ဓာတ်” စာအုပ်ဖြင့် ယမန်နေ့ နံနက် (၉) နာရီတွင် (Youth Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က“လူငယ်နှင့်အထက်တန်းစားစိတ်ဓာတ်” ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ရာ အထက်တန်းစားစိတ်ဓာတ်ဆိုသည်မှာ လူများ၏ကိုယ်ကျင့်တရားနှင့်ပတ်သက်နေကြောင်း၊ အထက်တန်းစားစိတ်ဓာတ်ရှိသူများရှိသကဲ့သို့ အောက်တန်းစားစိတ်ဓာတ်ရှိသူများလည်းရှိကြောင်း၊ အထက်တန်းစားစိတ်ဓာတ်ရှိသူဆိုသည်မှာ လူကောင်းဝါဒလက်ကိုင်ထားသူ၊ တစ်နည်းအားဖြင့်စိတ်ကောင်းရှိသူဖြစ်ကြောင်း၊ အောက်တန်းစားစိတ်ဓာတ်ရှိသူများမှာ ကိုယ်ကျင့်တရားချွတ်ခြုံကျနေသူ စိတ်ကောင်းမရှိသူများဖြစ်ကြောင်း၊ အနာဂတ်မျိုးဆက်သစ်လူငယ်များကိုလည်း အထက်တန်းစားစိတ်ဓာတ်ရှိရန် လက်ဆင့်ကမ်းပေးနိုင်ရမည်ဖြစ်ကြောင်း ၎င်းမှသာ အနာဂတ်သည်လည်း အထက်တန်းစားစိတ်ဓာတ်ပိုင်ရှင်တွေနဲ့ ပိုမိုတောက်ပဝင်းလတ်နေမည်ဖြစ်ကြောင်း၊ ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် (Youth Club)အဖွဲ့ဝင် မကေသီဦးက “လူငယ်နှင့်အလေ့အကျင့်” ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ရာ အလေ့အကျင့်ဆိုသည်မှာ နေရာတိုင်းတွင်အရေးကြီးကြောင်း၊ စိတ်ပိုင်းဆိုင်ရာအလေ့အကျင့်နှင့်ရုပ်ပိုင်းဆိုင်ရာအလေ့အကျင့်ဟူ၍ (၂) ခုရှိကြောင်း၊ စိတ်ပိုင်းဆိုင်ရာအလေ့အကျင့်ဆိုသည်မှာစာနာစိတ်၊ ကိုယ်ချင်းစာတရားရှိအောင်လေ့ကျင့်မှုဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာအလေ့အကျင့်ဆိုသည်မှာ အပြုအမူယဉ်ကျေးမှုရှိအောင်လေ့ကျင်မှုဖြစ်ကြောင်း၊ ဘယ်လိုကိစ္စမျိုးဖြစ်စေ ဘယ်လိုဆင်ရဲမှုမျိုးဖြစ်စေရင်ဆိုင်ရသည့်အခါ ဖြေရှင်းနိုင်ရန်အလေ့အကျင့်ရှိရမည်ဖြစ်ကြောင်း၊ အလေ့အကျင့်မရှိပါက သင်ယူပြီးသားအရာတစ်ခုပင်ဖြစ်ပါစေမေ့လျော့တတ်ကြောင်း၊ လေ့ကျင်မှုများသောသူနှင့်ယှဉ်လျှင်ပင် လေ့ကျင်မှုမရှိသောသူသည် နိမ့်ကျနေမည်ဖြစ်ကြောင်း ဆွေးနွေးပြီးနောက် တတ်ရောက်လာသောစာပေဝါသနာရှင်များမှလည်း စာအုပ်ပါအကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မိုးဖြူလွင် (ပြန်/ဆက်)