ဇေယျာသီရိ မေ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်စဉ်စီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဇေယျာသီရိမြို့နယ်အနေဖြင့် လယ်ယာကဏ္ဍတွင် စပါးအပါအဝင်နှံစားသီးနှံ၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံ၊ လျှော်ပင်၊ စက်မှုသုံးသီးနှံများ၊ ကွမ်းရွက်၊ ဟင်းခတ်အမွှေးအကြိုင်များ၊ အခြားစားသုံးသီးပင်များ စုစုပေါင်းစိုက်ပျိုးဧကပေါင်း ၄၃၆၇၃ ဧကစိုက်ပျိုးသွားရန် ရည်မှန်းထားပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းထားရှိကြောင်း၊ သားငါးကဏ္ဍအနေဖြင့် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၉ ဒသမ ၂ ရာခိုင်နှုန်း လျော့နည်းရည်မှန်းထားရှိကြောင်း၊ သစ်တောကဏ္ဍတွင် ယခင်နှစ်အတိုင်း ထုတ်လုပ်ရန်ရည်မှန်းထားပြီး သတ္တုကဏ္ဍတွင် ၁ ဒသမ ၆ ရာခိုင်နှုန်း၊ စက်မှုလက်မှုကဏ္ဍတွင် ၁ ဒသမ ၉ ရာခိုင်နှုန်း၊ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ၁၇ ဒသမ ၅ ရာခိုင်နှုန်း၊ ဆောက်လုပ်မှုကဏ္ဍတွင် ၆ ဒသမ ၅ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍကြီးတွင် ၇ ဒသမ ၁ ရာခိုင်နှုန်း၊ ကုန်သွယ်ရေးကဏ္ဍတွင် ၄ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းထားရှိပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ အစီအစဉ်ဖြင့် လုပ်ငန်းလျာထားရာတွင် လမ်းလုပ်ငန်း ၁၈ ခု၊ တံတားလုပ်ငန်းနှစ်ခု၊ ရေရရှိရေးလုပ်ငန်းတစ်ခု၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်း သုံးခုနှင့် အခြားလုပ်ငန်း ၁၂ ခု လျာထားအကောင်အထည်ဖော်ဆောင်ရွက်သွားရန် ရည်မှန်းထားရှိပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်စဉ်စီမံကိန်းရည်မှန်းချက်များရေးဆွဲရာတွင် ကဏ္ဍအလိုက်စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ကုန်ခန့်မှန်းခြေစာရင်းနှင့် နှိုင်းယှဉ်ပါက တစ်နှစ်လုံးအတွက် ၆ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းထားပါကြောင်း မြို့နယ်စီမံကိန်းဦးစီးရုံးမှ သိရှိရပြီး အခမ်းအနားတွင် ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် ဇေယျာသီရိမြို့နယ် စီမံကိန်းဦးစီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းထက်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်စဉ်စီမံကိန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ပြီး ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နှစ်စဉ်စီမံကိန်းရည်မှန်းချက်များဖြစ်သည့် လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်သည့်ဌာနဆိုင်ရာတာဝန်ရှိသူများအား ပေးအပ်ခဲ့သည်။ ဆက်လက်၍ စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံ လုပ်ငန်းတာဝန်များပေးအပ်ခဲ့ကြောင်း သိရသည်။
ဇွန်ထက်ဦး(ဇေယျာ)