တာလေမြို့၌ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တာလေ မေ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က မိမိနယ်မြေဒေသလုံခြုံရေးအတွက် အထူးဂရုပြုနေထိုင်သွားရန်၊ ထူးခြားဖြစ်စဉ်သတင်းများနှင့် သဘာဝဘေးအန္တရာယ်ကျရောက်ပါက ထိခိုက်ပျက်စီးမှုအခြေအနေများအား အချိန်နှင့်တပြေးညီ တင်ပြသွားရန်၊ ဌာနဆိုင်ရာရုံးများအား အမြင်တင့်တယ်လှပမှုရှိအောင် အပတ်စဉ်သန့်ရှင်းရေးဆောင်ရွက်ကြရန်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်သွားရန်၊ ဇွန်လ ၃ ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ကြရန်၊ တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများအား စစ်ဆေးဖမ်းဆီးရန်နှင့် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာ၌ ပူးပေါင်းပါဝင် ဆောင်ရွက်သွားရန်တို့ကို မှာကြားဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက မိမိတို့ရုံးဌာန၊ မိမိရပ်ရွာအတွင်း ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် လိုအပ်ချက်များအား အသီးသီးဆွေးနွေးတင်ပြကြရာ မြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)