မက်မန်း မေ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အရွယ်မရောက်သေးသည့် ကလေးငယ်များအား အဓမ္မစေခိုင်းခြင်းမရှိစေရန်၊ ကလေးသူငယ်များ၏ ဘဝလုံခြုံမှုရှိစေရန်၊ ကလေးသူငယ်များအခွင့်အရေးအား အပြည့်အဝရရှိစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြသခဲ့သည်။
အဆိုပါ နံရံကပ်စာစောင်တွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO)၏ ကလေးအလုပ်သမားများနှင့်ဆိုင်သော ထုတ်ပြန်ချက်များ၊ ကလေးအလုပ်သမားများ၏ ဘဝ၊ လုပ်ငန်းခွင်တွင်ရောက်ရှိနေသော ကလေးအလုပ်သမားများ၏ လုပ်ခနှင့် လစာအကြောင်း၊ နိုင်ငံတကာတွင် ကလေးအလုပ်သမားဖြစ်ပေါ်ရခြင်း၏ အကြောင်းအရင်းများ၊ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားပပျောက်ရေး ဆောင်ရွက်မှုများ၊ ကလေးအလုပ်သမားများ လျော့နည်းပပျောက်ရေးအတွက် ဆောင်ရွက်သင့်သည့် နည်းလမ်းများကို မှတ်တမ်းဓာတ်ပုံများ၊ ဆောင်းပါးများ၊ ကဗျာများ၊ ကာတွန်များဖြင့် ပြည်သူများ စိတ်ဝင်စားစွာ ပြသထားသည်။
ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသထားရှိမှုကို ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်ရှိ ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်းနှင့် အဆိုပါနံရံကပ်စာစောင်အား မေလကုန်ထိ ပြသပေးသွားမည်ဖြစ်ပြီ လစဉ်ဒေသခံပြည်သူများ အသိပညာဗဟုသုတရရှိစေမည့် နံရံကပ်စာစောင်များကို လှည့်လည်ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)