ဟိုပုံးမြို့၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲ ကျင်းပ

ဟိုပုံး မေ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂/၂၀၂၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် အရာရှိကြီးများ၊ စစ်သည်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များက စစ်ရေးပြတပ်ဖွဲ့မှ ဦးဆောင်၍ နိုင်ငံတော်အလံအား အလေးပြုခဲ့ကြပြီးနောက် ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်က သင်တန်းအဖွင့်အမှာစကား ပြောကြားရာတွင် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှာ အခြေခံတပ်သားနဲ့လျော်ညီတဲ့ စစ်ပညာရပ်များကို ကျွမ်းကျင်တတ်မြောက်အောင် ၁၂ ပတ်တာလေ့လာဆည်းပူး သင်ကြားသွားကြရမှာဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂/၂၀၂၄)မှ နိုင်ငံ့သားကောင်းသင်တန်းသားများကို သက်ဆိုင်ရာသင်တန်းကျောင်းအသီးသီးမှာ တစ်ချိန်တည်း တစ်ပြိုင်တည်း ဖွင့်လှစ်လျက်ရှိကြောင်း၊ သင်တန်းတွင် ဘာသာရပ်(၇)မျိုးဖြင့် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နဲ့ တပ်မတော်က အားကိုးအားထားပြုရတဲ့ စွမ်းရည်၊ စွမ်းပကားပြည့်ဝသော နိုင်ငံ့သားကောင်းစစ်သည်များဖြစ်အောင် လေ့ကျင့်ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်တို့က သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ကြသည်။

ယင်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က သင်တန်းသားများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားပြီးနောက် သင်တန်းသားများအတွက် ထောက်ပံ့ငွေကျပ်(၅၅)သိန်းကိုပေးအပ်ရာ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ နည်းပြအရာရှိချုပ် ဗိုလ်မှူးကြီး အောင်မျိုးသန်းက လက်ခံရယူခဲ့ပြီးနောက် သင်တန်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့် တာဝန်ရှိသူများသည် သင်တန်းသားစားရိပ်သာသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)