ခရမ်းချဥ်သီးစျေးကောင်းရ၍ တစ်ပိုင်တစ်နိုင် စိုက်ပျိုးတောင်သူများ အပိုဝင်ငွေရရှိနေ

မိုးနဲ မေ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ တစ်နိုင်တစ်ပိုင်နှင့် စီးပွားဖြစ်စိုက်ပျိုးရေးကို မွေးမြူရေးလုပ်ငန်းထက် ပိုမိုဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် ရာသီပေါ်ခရမ်းချဥ်သီးများ တစ်ပိဿာလျှင် ကျပ် ၂ ထောင်ပေါက်စျေးရရှိနေပြီး ၁ ပတ်လျှင် ၁၀ ပိဿာခန့် ခူးဆွတ်ရောင်းချနေရသဖြင့် ခရမ်းချဥ်စိုက်ပျိုးတောင်သူများ အပိုဝင်ငွေရရှိသည့်အပြင် မိသားစုမီးဖိုဆောင်အတွက် အသုံးပြုရာတွင်လည်း အသုံးစရိတ် လျှော့ချနိုင်လျက်ရှိကြောင်း သိရသည်။

ယခုကာလတွင် တစ်နိုင်တစ်ပိုင်အဖြစ် ခရမ်းချဥ်ပင်များကို အများအပြားစိုက်ပျိုးကြပြီး၊ သခွားမွှေး၊ ငရုတ်၊ ခရမ်းညို၊ မုန်လာပွင့်များ၊ ရေချောင်းများနံဘေးတွင် ဖရုံပင်များကို စိုက်ပျိုးကြပြီး စီးပွားဖြစ်လယ်မြေများ၌ ပဲပုပ်စိုက်ခင်းများကို အများအပြားစိုက်ပျိုးထားကြရာ အစောပိုင်းစိုက်ပျိုးထားသော ပဲပုပ်ပင်များကို မေလနှောင်းပိုင်းတွင် စတင်ရိတ်သိမ်းသွားတော့မည့်အပြင် စပါးပျိုးပင်များကို ထပ်မံစိုက်ပျိုးသွားကြရန် ပြင်ဆင်ထားကြကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)