ကျိုက်ထို မေ ၁၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ အများပြည်သူစားသုံးရာတွင် ဘေးအန္တရာယ်မဖြစ်ပွားစေရန် ဟင်းသီးဟင်းရွက်ဆီများအား ရောနှောဆီအဖြစ်ရောစပ်ရာ၌ အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ စစ်ဆေးမှုကို မေ ၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့ရှိ ဆီကြိတ်ခွဲစက်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက စားသုံးဆီထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရမည့်အပြင် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသည့် အမိန့်များကိုလိုက်နာဆောင်ရွက်နိုင်ရန် ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ဆီကြိတ်ခွဲစက်များသို့ သွားရောက်၍ တစ်နေ့ကြိတ်ခွဲနှုန်းပိဿာချိန်နှင့် ဆီထွက်ရှိနှုန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝင်းမောင်