မိုးမောက် နိုဝင်ဘာ ၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့၊ လွယ်ဂျယ်မြို့များတွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီမှ စတင်ပြီးကျင်းပရာ မဲပေးနိုင်သူ (၅၀၀၁၃)ဦး၊ မသန်စွမ်းမဲပေးနိုင်သူ အရေအတွက် (၉၁၇)ခန့်ရှိကြောင်း သိရသည်။
ယခင် ၂၀၁၅ ခုနှစ်တွင် မဲပေးပိုင်ခွင့်ရှိသူ (၃၆၃၈၇)ရှိပြီး ယခုနှစ် ၂၀၂၀ပြည့်နှစ်တွင် မဲပေးနိုင်သူ (၅၀၀၁၃)ဦးရှိပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် မဲပေးနိုင်သူအရေအတွက်မှာ မိုးမောက်မြို့နယ် အနေဖြင့် လူဦးရေ (၂၀၀၀၀)ခန့် တိုးလာပြီး ယခင် ၂၀၁၅ တွင်မဲရုံ (၄၃)ရုံသာ ကျင်းပနိုင်ပြီး ယခု ၂၀၂၀ပြည့်နှစ်တွင် မဲရုံ (၄၅)ရုံ ကျင်းပနိုင်ခဲ့သည်။
မိုးမောက်မြို့နယ်အတွင်း မဲရုံ(၄၅)ရုံတွင် တာဝန်ကျမဲရုံဝန်ထမ်း (၈၀၆)ဦးဖြင့် ဆောင်ရွက်လျက်ရှိပြီး မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲ စာရင်းမှာ ပြည်တွင်း (၁၂၃၈)ဦး၊ ပြည်ပ(၁၆)ဦးရှိကြောင်း သိရသည်။
ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီ (၈)ပါတီရှိပြီး ကိုယ်စားလှယ်လောင်း (၃၁)ဦးနှင့် တိုင်းရင်းသား ကိုယ်စားလှယ်လောင်း (၂၉)ဦးတို့ ပါဝင်ယှဉ်ပြိုင် ရွေးချယ်ခံသွားမည်ဖြစ်ကြောင်းနှင့် လက်ရှိအခြေအနေတွင် ရွေးကောက်ပွဲကို အေးချမ်းတည်ငြိမ်စွာ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
လွန်းနန်းထွေး(ပြန်/ဆက်)