သထုံမြိုနယ်၌ သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

သထုံ မေ  ၁၄

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သစ်တောဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား‌၊ကျောင်းသူများအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေးဆိုင်ရာ အသိအမြင်များတိုးပွားလာစေရေးအတွက် သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာခရိုင်အဆင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အသိပညာပေးဟောပြောရာတွင် မော်လမြိုင်၊ သထုံခရိုင်သစ်တောဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ထူးက သစ်တောများနှင့်ရာသီဥတုပြောင်းလဲမှုလျော့ချရေး၊ သထုံမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးစိုးမင်းအောင်က သစ်တောများ၊ ရေဝေရေလဲဒေသများထိန်းသိမ်းရေးနှင့် သစ်တောများမှပေးစွမ်းနိုင်သောအကျိုးကျေးဇူးများ၊ တောအုပ်ကြီးဦးစောရန်နိုင်က သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာအကြောင်းအရာများနှင့် သထုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်မိုးနိုင်က ပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာသိကောင်းစရာများကို အသိပညာပေးဟောပြောကြရာ ကျောင်းသား၊ကျောင်းသူများကသိရှိလိုသည်တို့ကို မေးမြန်းကြပြီးတာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

ဆက်လက်၍ အသိပညာပေးဟောပြောပွဲသို့တက်ရောက်လာကြသူများက သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာရှိ သစ်တောဦးစီးဌာန(အမြဲတမ်း)ပျိုးဥယျာဉ်သို့ သွားရောက်လေ့လာကြရာ ဦးစီးအရာရှိ ဦးစိုးမင်းအောင်က ၂၀၂၄ ခုနှစ် မိုးရာသီတွင် သထုံမြို့နယ်အတွင်း ဖြန့်ဝေစိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင်များနှင့်အထူးပျိုးပင်များ ပျိုးထောင်ထားရှိမှုအခြေအနေ၊ သစ်ပင်စိုက်ပျိုးခြင်းနည်းစနစ်များ၊ သစ်ပင်စိုက်ပျိုးခြင်းကြောင့်ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား၊ကျောင်းသူ (၇၀) ဦးနှင့် ဆရာ/ဆရာမများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်စိုး၊ မြို့နယ်ပညာရေးမှူး(ယာယီတွဲဘက်)ဒေါ်သန်းဆင့်နှင့်တာဝန်ရှိသူများ စုစုပေါင်း(၈၅)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်