မလှိုင် မေ ၁၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး (VDP) စီမံကိန်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ (၁၂) ရွာ အတည်ပြုရွေးချယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၉) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန “ဇေယျာအောင်သံ” အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကား ပြောကြားရာတွင် မလှိုင်မြို့နယ်အနေဖြင့် ကျေးရွာဖွံ့ဖြိုးရေး (VDP) စီမံကိန်းရန်ပုံငွေဖြင့် ၂၀၂၂-၂၀၂၃ နှစ်က ကျေးရွာ(၃)ရွာဖြင့် လုပ်ငန်းစတင်ခဲ့ပြီး ၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ကျေးရွာ (၅)ရွာထိ ရရှိခဲ့ပါကြောင်း ၊ ယခုနှစ်တွင် ကျေးရွာ(၁၂)ရွာအထိ တိုးတက်ရရှိလာပါကြောင်း၊ တစ်ရွာလျှင် သိန်း(၁၅၀) နှုန်းဖြင့် (၁၂)ရွာအတွက် ရန်ပုံငွေ ကျပ်သိန်း(၁၈၀၀) ရရှိမှာဖြစ်ကြောင်း၊ ယခင်နှစ်က အတွေ့အကြုံများကို အခြေခံပြီး အိမ်ခြေ(၅၀)နှင့်အထက် ကျေးရွာများ၊ ကွင်းဆင်း စစ်ဆေးစဉ် ပြည်သူများ တင်ပြသည့် ကျေးရွာများနှင့် ပြည်သူ့ထည့်ဝင်ငွေပါဝင်သည့် ကျေးရွာများကို အဓိကထား ရွေးချယ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ရွေးချယ်ခံရသည့် ကျေးရွာများတွင် ကျေးရွာ ကော်မတီဝင်(၇)ဦး၊ (၉)ဦး (သို့မဟုတ်) (၁၁)ဦးတို့ ရွေးချယ်ပေးရမည်မှာဖြစ်ကြောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်း မိတ်ဆက်ကွင်းဆင်းလာရောက်သည့် အခါ ကျေးရွာသူ/ကျေးရွာသားများ စုံညီစွာ တက်ရောက်ပေးရန် ရှင်းလင်းမှာကြားခဲ့သည်။ ယင်းနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုစုက ကျေးရွာကော်မတီကို အမှန်တကယ် ဆောင်ရွက်နိုင်မည့်သူများကိုသာ ရွေးချယ်ခန့်ထား ပေးရန်နှင့် ကျေးရွာအလိုက် ဘဏ်အကောင့် ဖွင့်လှစ်ဆောင်ရွက်ရမည်ဖြစ်၍ ဘဏ်စာရင်း အဖွင့်အပိတ် လာရောက်လုပ်နိုင်သူများကိုသာ စိစစ်ရွေးချယ်ပေးရန် မှာကြားခဲ့သည်။
မလှိုင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး (VDP) စီမံကိန်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ(၁၂)ရွာရွေးချယ်ထားပါကြောင်း အဆိုပါ ကျေးရွာများမှာ အုပ်ကြီး ၊ ကျောက်တန်း ၊ ညောင်အုပ် ၊ ရုံးပင်ဇောက် ၊ ဆုံတွင်း ၊ လက်စွေ့ ၊ ရေချိုဘူတာ ၊ မှရိုး ၊ ဆည်တို ၊ သုံးတောင် ၊ ဘောက်ခွေးတော ၊ သဲကန်ကျေးရွာအုပ်စုများဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင် (၁) ဗိုလ်မှူးဝေဖြိုး၊ အဖွဲ့ဝင်(၂) ဦးအောင်ကျော်သူ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်စုစုနှင့် ဝန်ထမ်းများ၊ ကျေးရွာ(၁၂)ရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ ၊ ကျေးရွာတာဝန်ခံနှင့် ကော်မတီအဖွဲ့ဝင်များ စုစုပေါင်း (၉၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဌေး (မလှိုင်)