သာစည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များအား ကျန်းမာရေးအသိပညာပေးခြင်းသင်တန်း ဆောင်ရွက်

သာစည် မေ ၁၃

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ ကျန်းမာရေးနှင့်အညီနေထိုင်တတ်စေရန် ကျန်းမာရေးအသိပညာပေးခြင်းသင်တန်းတတိယပတ်ကို ယနေ့နံနက်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဒေါ်ဝတ်မှုံအောင်ထံက သိရသည်။

အဆိုပါတတိယပတ်သင်တန်းမစတင်မီ မြို့နယ်ပညာရေးမှူးဦးလှထွန်းက ကျောင်းသား/သူများအနေဖြင့် ဟောပြောပို့ချမှုများကို အလေးထားမှတ်သားလိုက်နာသွာကြရန် မှာကြားသည်။ ထို့နောက် မြို့နယ်ကျန်းမာရေးမှူး အဆင့်(၁)ဒေါ်ရီရီလွင်က တတိယပတ်ခေါင်းစဉ်များဖြစ်သော ဗီတာမင်အေနှင့်အိုင်အိုဒင်းချို့တဲ့မှုမဖြစ်ပွားစေရန် တားဆီးကာကွယ်ခြင်း၊ မျက်စိရောဂါအကြောင်းသိကောင်းစရာ၊ ကိုယ်လက်လှုပ်ရှားမှုနှင့်ကျန်းမာရေး၊ HIV အကြောင်းသိကောင်းစရာများ၊ ဘေးအန္တရာယ်ဖြစ်စဉ်များအတွက်ထိခိုက်ဒဏ်ရာနှင့် နောက်ဆက်တွဲကျန်းမာရေးပြသာနာများမဖြစ်စေရေး ကြိုတင်ပြင်ဆင်မှု၊ ပလတ်စတစ်နှင့်ကျန်းမာရေးအန္တရာယ်အကြောင်းတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို အသက် ၆ နှစ်မှ ၁၃ နှစ်အရွယ်တစ်အုပ်စု၊ ၁၃ နှစ်မှ ၁၅ နှစ်အရွယ်တစ်အုပ်စုနှင့် ၁၅ နှစ်နှင့်အထက် တစ်အုပ်စုဖြင့် အုပ်စုသုံးစုဖွဲ့ထားပြီး အဖွဲ့အလိုက်သင်ခန်းစာများကို အမှတ်(၁)နှင့်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများနှင့် အမှတ်(၂)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မီးရထားတို့၌ ဖွင့်လှစ်ပို့ချဆွေးနွေးလျက်ရှိကြောင်းနှင့် အချိန်ကာလမှာ လေးပတ်ကြာဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)