ကျောက်ဆည် မေ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)တို့ ပူးပေါင်း၍ အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်၌ အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော အခြေခံလျှပ်စစ်သံဂဟေဆက်ခြင်းနှင့် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း နည်းပညာများကို ယနေ့နံနက်ပိုင်းတွင် အစိုးရနည်းပညာ အထက်တန်း ကျောင်း (ကျောက်ဆည်) သင်တန်းခန်းမတွင် ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းများအား ဒေသခံလူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်၊ ပညာဆက်လက်မသင်ကြားနိုင်သော လူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးသူများနှင့် အခြားစိတ်ဝင်စားသော အမျိုးသား၊ အမျိုးသမီးများအတွက် အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု ပြည့်သူ့စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ရန်၊ သက်မွေးပညာသင်ယူလို သူတိုင်း (အသက် အရွယ်မရွေး) သက်မွေးပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးရန်၊ အခြေခံလျှပ်စစ်သံဂဟေဆက်ခြင်းနှင့် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းနည်းပညာများ သင်ကြားပေးခြင်းအားဖြင့် ပြည်သူများကြား ကိုယ်တိုင်စနစ်တကျ အသုံးပြုတတ်စေရန် အလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေး ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း အစိုးနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဇာနည်းထွန်က ပြောပြ၍သိရသည်။
အခြေခံလျှပ်စစ်သံဂဟေဆက်ခြင်းသင်တန်းကို ၂၀၂၄ ခုနှစ် မေလ(၆)ရက်နေ့မှ(၃၁)ရက်နေ့အထိ နည်းပြဆရာ/ဆရာမ(၅)ဦးမှ သင်တန်းသား(၂၀)ဦးအားလည်းကောင်း၊ အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်း နည်းပညာသင်တန်းကို ၂၀၂၄ခုနှစ် မေလ(၆)ရက်နေ့မှ (၂၄) ရက်နေ့အထိ ဆရာ၊ ဆရာမ (၅)ဦးမှ သင်တန်းသား/သင်တန်းသူ(၂၀)ဦး စုစုပေါင်း(၄၀)ဦးအား အခြေခံလျှပ်စစ်သံဂဟေဆက်နည်း၊ လျှပ်စစ်ဝါယာ သွယ်တန်းခြင်းများကို စာတွေ့လက်တွေ့(အခမဲ့) သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)