ကျောက်ပန်းတောင်း မေ ၁၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း အလယ်တန်းအဆင့် Grade-9 အောင်မြင်ပြီးမြောက်သော ကျောင်းသား/ကျောင်းသူများအတွက်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း တက်ရောက်သင်ကြားနိုင်ရေးနှင့် အခွင့်အလန်းဆိုင်ရာများ ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့နံနက်(၈:၃၀)နာရီက လက်ပံပျားကျေးရွာရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း စုဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှင်းလင်းဆွေးနွေးပွဲတွင် ကျောက်ပန်းတောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာသန်းထွန်းလင်းက အလယ်တန်းအဆင့်သင်ယူပြီးမြောက်သူများအနေဖြင့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းတက်ရောက်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်း အတတ်ပညာများကို၊ သင်ယူတတ်မြောက်နိုင်ပြီး၊ မွေးမြူရေး အတတ်ပညာဆိုင်ရာ ဘာသာရပ်များကို စာတွေ့/လက်တွေ့ (၃)နှစ်တက်ရောက် သင်ကြားမှုအပေါ် အထူးအောင်၊ အဆင့်မီအောင်နှင့် ရိုးရိုးအောင်ဟူ၍ သတ်မှတ်ပေးသွားမည်ဖြစ်ပြီး၊ ထူးချွန်စွာအောင်မြင်ပါက အလုပ်အကိုင် အခွင့်အလန်းများလည်း လွယ်ကူစွာရရှိနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒေါ်ဥမ္မာငြိမ်း(ဒုတိယဦးစီးမှူး) စိုက်ပျိုးရေးအထက်တန်းကျောင်း တာဝန်ခံက စိုက်ပျိုးရေးသင်တန်း တက်ရောက်လိုသူများ၏ ရရှိနိုင်မည့်အခွင့်ရေးများနှင့် စက်မှုကျောင်းတာဝန်ခံ ဆရာဦးကျော်ဝင်းနိုင်က စက်မှုနည်းပညာရပ်ဆိုင်ရာသင်တန်းမှ သင်ကြားပေးသွားမည့် နည်းစနစ်များနှင့် ဘာသာရပ်ခွဲခြားပေးမှုအခြေအနေများ၊ ရရှိနိုင်မည့်အခွင့်အလမ်းများကို ရှင်းလင်းပြောကြားကြသည်။ ယင်းနောက် ကျောင်းသား/ကျောင်းသူလေးများ၏ မေးမြန်းမှုအပေါ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ သန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ဘာသာရပ်အလိုက် ပြန်လည်ရှင်းလင်းဖြေကြားကြပြီး ရှင်းလင်းဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာသန်းထွန်းလင်း၊ စိုက်ပျိုးရေးအထက်တန်းကျောင်း တာဝန်ခံ ဒေါ်ဥမ္မာငြိမ်း၊ စက်မှုကျောင်းတာဝန်ခံ ဆရာဦးကျော်ဝင်းနိုင်နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (လက်ပံပျား)မှ ဆရာ/ဆရာမများ၊ လက်ပံပျားကျေးရွာအတွင်းမှ ကျောင်းသား/ကျောင်းသူများနှင့် မိဘများ စုစုပေါင်း (၅၈)ဦး တက်ရောက်ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)