မုဒုံမြို့နယ် ပုပ္ပါရာမပေါ်တော်မူဘုန်းကြီးကျောင်းတွင် ကျောင်းဆောင်သစ်ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ

မုဒုံ    မေ    ၁၃

မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြို့မ(၁)ရပ်ကွက်ရှိ ပုပ္ပါရာမပေါ်တော်မူဘုန်းကြီးကျောင်းတွင် မေလ ၁၁ ရက်နေ့က ကျောင်းဆောင်သစ်ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားကို အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဦးစွာ ဆရာတော်၊ သံဃာတော်ကြီးများနှင့်  အလှူရှင်များက ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်၍ “ နမောတဿ ” သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားအား စတင်ဖွင့်လှစ်သည်။  ထို့နောက် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဧည့်ပရိသတ်အပေါင်းတို့က ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပင့်သံဃာ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။  ယင်းနောက် ပုပ္ပါရာမပေါ်တော်မူကျောင်းတိုင် ဆရာတော်အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တသီဟရာဇာထံမှ အနုမောဒနာတရားချီးမြှင့်တော်မူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” ရွတ်ဆိုရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ တာဝန်ရှိသူများနှင့် အလှူရှင်များက ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်ကာ တက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းအား စတုဒိသာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)