မော်လမြိုင် မေ ၁၃
မွန်ပြည်နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (၇၄)ကြိမ်မြောက် (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
ရှေးဦးစွာ နိုင်ငံတော်အလံအား နိုင်ငံတော်သီချင်းဖွင့်လှစ်ကာ ဦးညွှတ်အလေးပြု၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် YMBA အသင်းများက ကြီးမှူးပြီး ကျောင်းသား/သူများ၊ သားငယ်/သမီးငယ်များအနေနှင့် မြတ်ဗုဒ္ဓဟောကြားခဲ့သည့် (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်ဖြစ်တော်စဉ်များ၊ ကျင့်ဝတ်နီတိများကို သင်ကြားနာယူခဲ့ကြပြီး စာမေးပွဲအသီးသီးကို ဝင်ရောက်ဖြေဆိုခဲ့၍ အောင်မြင်ခဲ့ကြသည့်အပြင် ထူးချွန်စွာအောင်မြင်ပြီး အငယ်တန်းအဆင့်၊ အလတ်တန်းအဆင့်၊ အကြီးတန်းအဆင့်တို့မှာ ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့ကြသော သားငယ်/သမီးငယ်များကို ဆုချီးမြှင့်ပေးခြင်းဖြစ်ကြောင်း၊ အငယ်တန်းအဆင့်မှာ ထူးချွန်စွာအောင်မြင်သူ(၁၂)ဦး၊ အလတ်တန်းအဆင့်မှာ ထူးချွန်စွာ အောင်မြင်သူ(၇)ဦး၊ အကြီးတန်းအဆင့်မှာ ထူးချွန်စွာ အောင်မြင်သူ(၇)ဦး၊ မော်လမြိုင်မြို့နယ်မှ အမှတ်အများဆုံးရရှိအောင် ဖြေဆိုသူ(၈)ဦးအပါအဝင် စုစုပေါင်း (၄၃)ဦးတို့ကို ဆုအသီးသီး ချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း၊ တိုင်းပြည်တာဝန်ကို ပုခုံးပြောင်းယူကြမည့် လူငယ်/လူရွယ်များအနေဖြင့် ယခုလို ငယ်ရွယ်စဉ် ကာလမှာ လိမ္မာရေးခြားရှိဖို့၊ အသိပညာကြွယ်ဝဖို့၊ ကိုယ့်အမျိုးဘာသာ၊ သာသနာအကြောင်း သိရှိနားလည်ပြီး ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်ပါကြောင်းနှင့် လူ့လောကတွင် ကျင်လည်ကြစဉ်မှာ သင်ကြားဆည်းပူးထားသည့် လောကနီတိများကို လိုက်နာကျင့်ကြံကြိုးစားအားထုတ်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ပညာရေးမှူး မင်္ဂလဓမ္မဇောတိကဓဇ ဒေါ်နန့်စယ်လီလှိုင်က (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်သင်ကြားရာတွင် ပညာရေးမိသားစုများ၏ ကူညီဆောင်ရွက်ပေးမှုများအား ရှင်းလင်းပြောကြားပြီး ပြည်နယ် YMBA အသင်း အတွင်းရေးမှူး၊ ဦးမျိုးဇော်က အမျိုးဘာသာသာသနာ ပညာဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပက်သက်၍ ရှင်းလင်းတင်ပြပြီး အလှူရှင်များအား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ တေးသံရှင်မြပန်းစံအိမ်မှ “ရာမညတိုင်းဆီလာခဲ့ပါ” သီချင်းဖြင့်ဖျော်ဖြေပြီး ရွှေတံဆိပ်ဆုများရှင် မင်းနိုင်စိုးနှင့် မုဒုံမြို့နယ် သမီးငယ်လေးများမှ “ရာမညမြေမှဖိတ်ခေါ်သံ” သီချင်းဖြင့် သီဆိုကပြဖျော်ဖြေနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ အကြီးတန်းနှင့် အကြီးတန်း(ထူးချွန်ဆု)၊ အလတ်တန်းနှင့် အလတ်တန်း(ထူးချွန်ဆု)၊ အငယ်တန်းနှင့် အငယ်တန်း(ထူးချွန်ဆု)ရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း နာယကနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် အငယ်တန်း၊ အလတ်တန်းနှင့် အကြီးတန်းများတွင် ပထမဆုရရှိအောင် သင်ကြားပေးသော ဆရာ၊ ဆရာမများအား ပြည်နယ်ပညာရေးမှူးက ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် လှူဒါန်းထောက်ပံ့ပေးသောအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ယင်းနောက် ဆုရရှိသူများနှင့်တက်ရောက်လာကြသည့် ကျောင်းသား/သူများမှ(၃၈)ဖြာမင်္ဂလာတေးကဗျာဖြင့် သီဆိုပြီး နိုင်ငံတော်ရွှေတံဆိပ်ဆုရ တေးသံရှင်မြပန်းစံအိမ်မှ “အောင်နိမိတ်”တေးသီချင်းဖြင့် သီဆိုဖျော်ဖြေမှုကိုလည်းကောင်း၊ မြန်မာ့ကြွေးကြော်သံသီချင်းဖြင့် ဧည့်ခံဖျော်ဖြေခြင်းကိုလည်းကောင်း၊ ဇာတိမာန်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ပြီး ဆုရရှိသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)