မိတ္ထီလာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်အရောင်းအဝယ်လုပ်ငန်းများအား စစ်ဆေး

မိတ္ထီလာ မေ ၁၃

မန္ထလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝါးရုံအုပ်စု၊ ဖိုးမိုးကြီးကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသောလုပ်ငန်းများကို မေလ ၁၁ ရက်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် တာဝန်ရှိသူများက ဝါးရုံကျေးရွာအုပ်စု ဖိုးမိုးကြီးကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများနှင့် လအလိုက်ဖြည့်သွင်းရမည့် ငွေစာရင်းပုံစံများပြည့်စုံမှု ရှိ၊ မရှိ စစ်ဆေးပြီး မြို့နယ်ဦးစီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ဖိုးမိုးကြီးကုန်းကျေးရွာတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ အဌမအကြိမ်အဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သည့် အသင်းသား၊ အသင်းသူ ၉၈ ဦးကို ငွေကျပ် ၄၃၃သိန်း ထုတ်ချေးပေးထားပြီး စီမံကိန်းလုပ်ငန်းများလည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)