မိုင်းဆတ် မေ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ အောင်ချမ်းသာကျေးရွာနှင့် လွယ်ဆောင်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က မျိုးဆက်သစ်လူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိစေရန် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ဆိုးကျိုးများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများ၊ မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုခြင်း၏ ကောင်းကျိုးဆိုးကျိုးများနှင့် ကျေးရွာစာကြည့်တိုက်များ ဖွင့်လှစ်နိုင်စေရန် ကျေးရွာနေပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ရေး အသိပညာပေးဟောပြောကာ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာရွှေက သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ဆောင်ရန်၊ ရှောင်ရန်အချက်များကိုလည်းကောင်း အသိပညာပေးဟောပြောကာ သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
ထို့နောက် ကျေးရွာနေပြည်သူများက မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)