ဥတ္တရသီရိမြို့နယ်ရှိ သောက်သုံးရေအခက်အခဲရှိသည့် ပြည်သူများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ သွားရောက်လှူဒါန်း

ဥတ္တရသီရိ မေ ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ရေအခက်အခဲဖြစ်ရာ ပြည်သူများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့မွန်းလွဲပိုင်းက ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် သောက်သုံးရေများ လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးသက်နောင် ဦးဆောင်မှုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းကာ အောင်ချမ်းသာကျေးရွာနှင့် အောင်လံကုန်းကျေးရွာရှိ ရေအခက်အခဲဖြစ်သည့် ပြည်သူများအားရေဂါလန် ၂၈၀၀ ခန့်ကို မီးသတ်ယာဉ်(၂)စီးဖြင့် သောက်သုံးရေများ လှူဒါန်းပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် သောက်သုံးရေများကို ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေးကျောင်းများ၊ အများပြည်သူသုံး ရေကန်များနှင့် ရေရှားပါးရာနေရာများသို့ နှစ်စဉ်လိုက်လံလှူဒါန်း ပေးလျက်ရှိကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)