မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ကျင်းပ

မက်မန်း မေ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့နံနက် (၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မက်မန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက လူငယ်လူရွယ်များ စာဖတ်သည့် အလေ့အထ အကျင့်ကောင်းများကို လက်ဆင့်ကမ်းနိုင်ရန်၊ စာဖတ်ဝိုင်းမှရရှိသည့် အတွေးအခေါ်ကောင်းများကို ပြန်လည်မျှဝေပေးနိုင်ရန် စသည့်ရည်ရွယ်များဖြင့် စာဖတ်ဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စာရေးဆရာ နတ်သျှင် (ရွှေဂူ) “လူငယ်များကို ပျိုးထောင်ပေးပါ”စာအုပ်မှ “ပတ်ဝန်းကျင်ကောင်းကို တန်ဖိုးထားပါ”ဆောင်းပါးဖြင့် စတင်ဆွေးနွေးခဲ့ပြီး “သူရဲကောင်းလူသားများ၊ နောင်တများမကြောက်ပါနဲ့၊ သင်ဘာကို တွေးနေပါသလဲ၊ စာဖတ်ခြင်း အတတ်ပညာ၊ စကားအန္တာရာယ်” စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းတက်ရောက်လာကြသော စာအုပ်စာစောင်ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များက မိမိတို့စိတ်ကြိုက် ဗဟုသုတရစေမည့် ဆောင်းပါးများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မက်မန်းမြို့နယ် စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲများ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဆွေးနွေးပွဲ၊ သင်တန်း၊ ဉာဏ်စမ်းပြိုင်ပွဲ၊ Talk Show အစီအစဉ်များကို လစဉ် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)