တံတားဦးမြို့နယ်တွင် မေဃဝန်ဓမ္မစကူးလ် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကျင်းပ

တံတားဦး မေ ၁၃

တံတားဦးခရိုင် တံတားဦးမြို့နယ် အမှတ်(၁)ရပ်ကွက် သာဂေါင်ရပ်ရှိ မေဃဝန်ပရိယတ္တိစာသင်တိုက်တွင် ဖွင့်လှစ်ထားသော မေဃဝန်ဓမ္မစကူးလ်သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက အဆိုပါစာသင်တိုက် ရွှေမင်းသ္မီးဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် ဓမ္မစကူးလ် သင်တန်းတွင်တက်ရောက်ကြသော KG တန်းနှင့် Grade–1 ကျောင်းသား/သူများက ဓမ္မစကူးလ်သင်တန်း သင်ကြားပေးသော (၃၈)ဖြာမင်္ဂလာများထဲမှ ခေါင်းစဉ်များမဲနှိုက်ပြီး ပါဝင်သရုပ်ပြရွတ်ကြရသည်။ Grade–2 အတန်းမှ Grade–6 အတန်းထိ ကျောင်းသား/သူများက မေလ ၁၁ရက်နေ့ ညနေပိုင်းက ရေးဖြေစာမေးပွဲ ဖြေဆိုကြရသည်။

ယမန်နေ့တွင် မေဃဝန်ပရိယတ္တိစာသင်တိုက်ဦးစီးပဓာန နာယကဆရာတော်ဦးဆောင်ပြီး တပည့်ဒါယကာ၊ ဒါယိကာမအပေါင်းတို့မှ ဓမ္မစကူးလ်ကျောင်းသား/သူများကား နိဗ္ဗာန်ဈေးဖြင့် အာဟာရဒါနကုသိုလ်ဖြစ် ကျွေးမွေးကြသည်။ နေ့ပိုင်းတွင် ကျောင်းသား/သူများအား သင်ဆန်းအောင်လက်မှတ်နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

မေဃဝန်ဓမ္မစကူးလ်သင်တန်းကို (၂၄.၄.၂၀၂၄) ရက်နေ့မှ (၁၃.၅.၂၀၂၄) ရက်နေ့အထိ (၂၀)ရက်အား သင်တန်းသား/သူ (၂၄၀)ဦးအား နေ့စဉ်နံနက်(၄)နာရီမှ ညနေ(၃)နာရီအချိန်အထိ ဓမ္မစကူးလ်သင်တန်းတွင် ပါဝင်သော (၃၈)ဖြာမင်္ဂလာတရားတော်များကို သင်ကြားပေးခဲ့ကြောင်းနှင့် KG တန်းမှစ၍ Grade – 6 အတန်းထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း ဓမ္မစကူးလ်သင်တန်း နည်းပြဆရာ ဦးတင်ဦးထံမှ သိရသည် ။

ရဲတင့်(ပြန်/ဆက်)