မြစ်သား နိုဝင်ဘာ ၈
၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့နံနက်(၆)နာရီတွင် ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ သတ်မှတ် မဲဆန္ဒနယ်အသီးသီးရှိ မဲရုံများတွင် တစ်ပြိုင်တည်းကျင်းပဆောင်ရွက်လျက်ရှိရာ ပြည်သူများအေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိ ကြောင်း သိရသည်။
မဲရုံများမဖွင့်လှစ်မီ မဲရုံမှူးနှင့် မဲရုံတာဝန်ရှိသူများက လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများရှေ့မှောက်၌ မဲရုံပုံးများအတွင်း မည်သည့် အရာမျှမရှိကြောင်း ပြသ၍အဖုံးများကို လုံခြုံစွာပိတ်ကာ သတ်မှတ်စားပွဲများပေါ်၌ ချထား ကြပေးခဲ့ပြီး မြစ်သားမြို့နယ် ရှိမဲရုံများ၌ ပြည်သူများသည် မိုးမလင်းခင်ကပင် ဆန္ဒမဲပေးရန် ရောက်ရှိနေကြပြီး မဲရုံတာဝန်ရှိသူများက မဲရုံဖွင့်လှစ်ရန် ကြေညာလိုက်သည်နှင့် ဆန္ဒမဲလက်မှတ်များကို စနစ်တကျထုတ်ယူကြပြီး လွတ်လပ်စွာ ဆန္ဒမဲ စတင်ပေးကြသည်။
မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲစာရင်း စစ်ဆေးသူ၊ မဲလက်မှတ်ထုတ်ပေးသူနှင့် တာဝန်ရှိသူများက ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးကြကြောင်းနှင့် မြစ်သားမြို့နယ်မှ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများက မြို့နယ်များအတွင်းရှိ မဲရုံများသို့ လိုက်လံကြည့်ရှုပြီး လိုအပ်သည့် ကူညီမှုများဆောင်ရွက်ပေးခဲ့ကြသည်။
မြစ်သားမြို့နယ်၌ ရပ်ကွက်/ကျေးရွာ အုပ်စု (၉၂) အုပ်စုရှိကာ မဲရုံပေါင်း(၂၀၀) ရုံ ဖွင့်လှစ်ထားပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၅၈၄၉၃) ဦးရှိကြောင်း သိရသည်။
ဆုမွန်(ပြန်/ဆက်)