မန္တလေး မေ ၁၃
ကျား၊မ အခြေပြုအကြမ်းဖက်မှုသည် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာအန္တရာယ်ကို ဖြစ်စေတတ်ကြောင်း အသိပညာပေးရန်၊ အမျိုးသမီးများ အများစုမှာ လုပ်ငန်းခွင်နှင့်လမ်းပေါ်တွင် အကြမ်းဖက်ခံရမှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိ ပညာပေးနိုင်ရန်၊ ကျားမအခြေပြုအကြမ်းဖက်မှုများက ပုံစံမျိုးစုံဖြင့်တည်ရှိနေသဖြင့် ရှောင်ရှားနိုင်ရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာန၌ ကျား၊မရေးရာအကြမ်းဖက်မှု ကင်းဝေးစေရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီ သင်တန်းခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကျား၊မအကြမ်း ဖက်မှုများ ကင်းဝေးစေရေး၊ ဝိုင်းဝန်းဆောင်ရွက်ပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်အေးအေးဝင်းက အမျိုးသမီးများ အသိပညာဗဟုသုတမြင့်မားရေး၊ စာပေဖတ်ရှုပေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးဟောပြောကြသည်။
ထို့နောက် တက်ရောက်လာသူများက အသိပညာပေးနံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို လေ့လာကြည့်ရှုကြကြောင်းနှင့်အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြီးကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)