မောက်မယ်မြို့နယ်၌ နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် ရှမ်းတိုင်းရင်းသားစာပေ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မောက်မယ် မေ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အနာဂတ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လိုက်နာရမည့် ပြည်သူ့နီတိများကိုသိရှိကာ ယဉ်ကျေးသည့် သားကောင်းသမီး ကောင်းမွန်များ ဖြစ်လာစေရန် ရှမ်းတိုင်းရင်းသားရိုးရာ ဓလေ့ထုံးတမ်းများနှင့် ရှမ်းတိုင်းရင်းသားစာပေများ မပျောက်ပျက်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ သက်ဆိုင်ရာရပ်ကွက်များအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များအား မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်(အောင်မင်္ဂလာစာသင်တိုက်)မှဦးစီး၍ မြို့နယ်ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းနှင့် ပူးပေါင်းဖွင့်လှစ်သော မတ်လ ၁၅ ရက်နေ့မှ မေလ ၁၂ ရက်နေ့အထိ နွေရာသီကျောင်းပိတ်ရက် ကာလတွင် ဗုဒ္ဒဘာသာယဉ်ကျေးမှုနှင့် ရှမ်းတိုင်းရင်းသားစာပေ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မွေတော်ကျောင်း (အောင်မင်္ဂလာစာသင်တိုက်)၌ ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ ဥက္ကဋ္ဌဆရာတော်ဘုရားထံတွင် ရတနာသုံးပါးကန်တော့၍ (၅) ပါးသီလခံယူဆောက် တည်ခဲ့ကြသည်။ ညပိုင်းတွင် နမ့်ယွန်းဂေါက်ကွင်း၌ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများနှင့်သင်တန်းဆင်းလက်မှတ်များ အသီးသီးချီးမြှင့်ပေးအပ်ကာ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များတို့က တိုင်းရင်းသားရိုးရာအက အလှများဖြင့် ကပြဖျော်ဖြေပေးခဲ့သည်။ ထိုသို့ နွေရာသီသင်တန်းဖွင့်လှစ်ပေးရခြင်းမှာ အနာဂတ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လိုက်နာရမည့် ပြည်သူ့နီတိများကိုသိရှိကာ ယဉ်ကျေးသည့် သားကောင်းသမီးကောင်းမွန်များ ဖြစ်လာစေရန်၊ ရှမ်းတိုင်းရင်းသားရိုးရာဓလေ့ထုံးတမ်းများနှင့် ရှမ်းတိုင်းရင်းသားစာပေများ မပျောက်ပျက်စေရန်ရည်ရွယ်၍ နှစ်စဉ်နွေရာသီကျောင်းပိတ်ရက်ကာလတွင် သင်တန်းများဖွင့်လှစ်ပေးလျက်ရှိကြောင်း ကွန်ကျိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)