ချမ်းအေးသာစံ မေ ၁၃
မလွန်စျေးဆန်လှူအသင်းကြီး၏ ၁၃၈၅ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီက ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်အနောက်ရပ်ကွက်၊ ၃၂ လမ်း၊ ၈၅×၈၆ လမ်းကြားရှိ ညီမူရာခန်းမ၊ အပေါ်ဆုံးထပ်တွင် ကျင်းပခဲ့သည်။
အဆိုပါအသင်း၏ ၁၃၈၅ ခုနှစ် နှစ်ပတ်လည် အစည်းဝေးတွင် အသင်းဥက္ကဋ္ဌ ဦးစိန်ဝင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးသိန်းထွန်း(ဆားတောင်ပွဲရုံ)၊ ဦးမြင့်ဝေ၊ အတွင်းရေးမှူး ဦးကြည်ဝင်းတို့နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အစည်းအဝေးဖွင့်လှစ်ခဲ့သည်။
အစည်းအဝေးတွင် တွဲဖက်အတွင်းရေးမှူး ဦးချစ်မောင်မှ ၁၃၈၄ ခုနှစ် အစည်းအဝေးမှတ်တမ်းအား ဖတ်ကြားအတည်ပြုကာ ဦးစိန်ဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဦးကြည်ဝင်းမှ အတွင်းရေးမှူး အစီရင်ခံစာကိုလည်းကောင်း၊ စာရင်းစစ် ဦးဌေးမောင်မှ စာရင်းစစ်များ၏ အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းအားလည်းကောင်း အသီးသီး ဖတ်ကြားတင်ပြပြီး အတည်ပြုချက်ရယူ၍ အမှုဆောင်အဖွဲ့ဟောင်းအား ဖျက်သိမ်းခဲ့ကြောင်း ကြေငြာကာ ခေတ္တသဘာပတိအဖြစ် ဦးသိန်းထွန်း(ဆားတောင်ပွဲရုံ)မှ ဆောင်ရွက်ပြီး အမှာစကား ပြောကြား၍ တက်ရောက်လာကြသူများ၏ ဆန္ဒပြုထောက်ခံမှုဖြင့် ၁၃၈၆ ခုနှစ်အတွက် အသင်းဥက္ကဋ္ဌအဖြစ် ဦးစိန်ဝင်းအား ဆက်လက်ရွေးချယ်တင်မြှောက်ခဲ့ရာ ဦးစိန်ဝင်းမှ နှုတ်ခွန်းဆက်စကားပြောကြားကာ အစည်းအဝေးအား ဇိနသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ် ဆုတောင်း ရုပ်သိမ်းခဲ့သည်။
အဆိုပါ မလွန်စျေးဆန်လှူအသင်းအား ၁၂၈၅ ခုနှစ်တွင် မလွန်စျေးအရပ်ရှိ အမျိုး၊ ဘာသာ၊ သာသနာ မြတ်နိုးစောင့်ရှောက်ကြသည့် ပွဲစား၊ ကုန်သည် အရပ်သား အမျိုးသားများက စတင်တည်ထောင်ဖွဲ့စည်း၍ စစ်ကိုင်း၊ မင်းဝံ၊ မင်းကွန်း တောင်းရိုး ၃ ရပ်ရှိ အရညဝါသီ တောမှီရွှင်ပြုံး သီတင်းသုံးနေထိုင်တော်မူကြကုန်သော ရဟန်း၊ သာမဏေ၊ သူတော်၊ သီလရှင်တို့အား အာဟာရကိစ္စ မကြောင့်ကြဘဲ ဓူရနှစ်ပါး မြတ်တရားကို ပွားများကြိုးကုတ် အားထုတ် တော်မူနိုင်ကြစေရန် ရည်သန်ကာ ဆွမ်းဆန်တော်များ နှစ်စဉ်မပျက် လှူဒါန်းလာခဲ့ရာ ၁၃၈၄ ခု၊ ၁၂၇ နှစ်မြောက် မဟာသံဃိကတဏ္ဍုလဒါန ဆွမ်းဆန်တော်လှူဒါန်းပွဲကြီးတွင် တောင်ရိုးကြီးသုံးရပ် သာမကမန္တလေး (၇)မြို့နယ်အတွင်းရှိ အလှူခံပုဂ္ဂိုလ်ပေါင်း (၆၈၁၃၇)ပါးအတွက် ဆွမ်းဆန်တော်ပေါင်း ၅၀၉၉၉ တင်း၊ ၁ ခွဲ၊ ဘွဲ့ပေါင်း (၃၅၁၀) အတွက် အလှူတော်ငွေပေါင်း (၇၀၂၀၀၀၀၀)ကျပ်အပြင် သီးခြားလှူဒါန်းမှုများကိုပါ လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်