ချမ်းအေးသာစံ မေ ၁၃
ရှေးဟောင်းဘုရားတစ်ဆူဖြစ်သည့် စူဠာမုနိရုပ်ရှင်တော်မြတ်အား အများပြည်သူကြည်ညိုဖူးမြော်နိုင်ရန် မဟာအတုလဝေယံ(အတုမရှိ) ကျောင်းတော်ကြီးသို့ ပင့်ဆောင်အပူဇော်ခံထားရှိခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ဝတ်အသင်းအဖွဲ့များနှင့် ဧည့်ပရိသတ်များ တက်ရောက်ဖူးမြော်ကြည်ညိုကြသည်။
အစီအစဉ်အရ ရှေးဟောင်းဘုရားတစ်ဆူဖြစ်သည့် စူဠာမုနိရုပ်ရှင်တော်မြတ် မူလကိန်းဝပ်စံပယ်တော်မူသည့် အောင်မြေသာစံမြို့နယ် သင်္ဘောတန်းရပ် ဘုရားဒါယကာ ဦးလှဖေ -ဘုရားဒါယိကာမ ဒေါ်မြသိန်း မိသားစုတို့၏ နေအိမ်မင်္ဂလာခြံမြေအတွင်းရှိ သုခရတနာကျောင်းတော်မှ ပင့်ဆောင်ခြင်းမင်္ဂလာအခမ်းအနားဖြင့် စတင်ပင့်ဆောင်၍ ၈၉ လမ်း၊ ၂၆ လမ်းတစ်လျှောက် ၆၂ လမ်းထိ၊ ၆၂ လမ်းတစ်လျှောက် ၁၂ လမ်းရှိ မဟာအတုလဝေယံ(အတုမရှိ) ကျောင်းတော်ကြီးရှိ ယာယီစံမြန်းသည့် ပလ္လင်တော်ပေါ်သို့ ပင့်ဆောင်ပူဇော်ကြသည်။
၎င်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ ဘုရားဒါယကာ၊ ဘုရားဒါယိကာနှင့် မိသားစုဝင်များ၊ ဆွေတော်မျိုးတော်များနှင့် တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကာ အခမ်းအနားကို ဖွင့်လှစ်၍ အစီအစဉ်အတိုင်းကျင်းပခဲ့ပြီး အခမ်းအနားမှူးက ဘုရားဒါယကာ၊ ဘုရားဒါယိကာမအလှူရှင်တို့မှ ရှေးဟောင်း ဘုရားတစ်ဆူဖြစ်သည့် စူဠာမုနိရုပ်ရှင် တော်မြတ်အား အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် လှူဒါန်းရခြင်းအားပြောကြား၍ လှူဒါန်းမှုအတွက် ရေစက်သွန်းချအမျှအတမ်းပေးဝေခဲ့ကြကြောင်း၊ ကောဇာသက္ကရာဇ် ၁၃၁၉ ခုနှစ်တွင် သစ်ဆိမ့်ကြီးရွာ ဇေတဝန်ကျောင်းတိုက်မှ မန္တလေးသို့ ပင့်ဆောင်ခဲ့ကြောင်း၊ ရုပ်ရှင်တော်မြတ်အား သစ်ဆေးသုတ်ခြင်း၊ ရွှေချခြင်းတို့ဖြင့် ထပ်မံပူဇော်ခဲ့ကြောင်း၊ ကောဇာသက္ကရာဇ် ၁၃၂၀ပြည့်နှစ်တွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ သင်္ဘောတန်းရပ် ဘုရားဒါယကာ ဦးလှဖေ-ဘုရားဒါယိကာမ ဒေါ်မြသိန်းတို့ နေအိမ်ခြံမြေအတွင်းရှိ သုခရတနာကျောင်းတော်သို့ ပင့်ဆောင်ပူဇော်ထားရှိခဲ့ကြောင်း၊ ယခုအခါ အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရန် လှူဒါန်းခဲ့ရာ မဟာအတုလဝေယံ(အတုမရှိ)ကျောင်းတော်ကြီးရှိ ယာယီစံမြန်းတော်မူသည့် ပလ္လင်တော်တွင် ပင့်ဆောင်ပူဇော်ထားရှိကြောင်း သိရသည်။
ထွန်းထွန်းနိုင်