ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

မြစ်ကြီးနား မေ ၁၃

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစုံ” ဆောင်ပုဒ်ပါဝင်သည့် မြေစိုက်ပိုစတာ စိုက်ထူပွဲ အခမ်းအနားကို မေ ၁၃ ရက် နံနက် ၈ နာရီခွဲက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဆမားလမ်းပေါ်၌ ကျင်းပပြုလုပ်ရာ အခြေခံပညာကျောင်းသား/ ကျောင်းသူများ၊ ဘင်ခရာ၊ အကအဖွဲ့များ၊ ကျောင်းကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကင်းထောက်လူငယ်များ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်။

အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြရာ အခြေခံပညာ ကျောင်းအုပ်များ၊ ဆရာ၊ ဆရာများ၊ ကျောင်းသား/ ကျောင်းသူများက စည်ကားသိုက်မြိုက်စွာ ကြိုဆိုခဲ့ကြသည်။

ထို့နောက် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် မြေစိုက်ပိုစတာကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းနှင့် ပြည်နယ်ပညာရေးမှူး ဦးတင်မောင်ထွေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် မြေစိုက်ပိုစတာဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မြေစိုက်ပိုစတာစိုက်ထူပွဲ အထိမ်းအမှတ် အမှာစကားပြောကြားရာတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ကို ယခုလိုမြေစိုက်ပိုစတာများ နိုင်ငံတစ်ဝန်းစိုက်ထူပြီး မိဘပြည်သူများ၊ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် အသိပေးနှိုးဆော်ခြင်းပင်ဖြစ်ပါကြောင်း၊ ဒါအပြင် (၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း(KG)သို့ အပ်နှံရန်၊ အသက်(၆)နှစ်ကလေးများကို Grade-1 ကို အပ်နှံရန်အတွက်လည်း နံရံကပ်ပိုစတာများဖြင့် အသိပေးနှိုးဆော်သွားအုံးမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အခမဲ့ပညာရေးအစီအစဉ်ကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ရာ ယခုနှစ်တွင်လည်း ကျောင်းနေအရွယ်ကလေးအားလုံး အချိန်မီကျောင်းအပ်နှံကြရန်၊ အခြေခံပညာအောင်မြင်ပြီး အဆင့်မြင့်ပညာရပ်များကို ဆက်လက်သင်ယူနိုင်ရန်၊ အနာဂတ်ပညာရေး ပိုမိုကောင်းမွန်လာစေရန်၊ ကျောင်းများဖွင့်လှစ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူအားလုံး ဘေးကင်းလုံခြုံစွာ ပညာင်ကြားနိုင်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အားလုံးက ဟန်ချက်ညီညီ ပူးပေါင်းလက်တွဲဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက အခြေခံပညာကျောင်းပေါင်းစုံမှ ဘင်ခရာအဖွဲ့များ၏ မြန်မာ့ကျောင်း၊ ဒို့စစ်သည်တေးသီချင်းတို့အား တီးခတ်ဖျော်ဖြေမှုအား လည်းကောင်း၊ Fitness Dance အကအဖွဲ့၏ ထာဝရသစ္စာတေးသီးချင်းဖြင့် ကပြဖျော်ဖြေမှုအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြကာ အဆိုပါဖျော်ဖြေရေးအဖွဲ့များနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံကို ရိုက်ကူးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ်(၈)အခြေခံပညာအထက်တန်း ကျောင်း၊ ငြိမ်းအေးသာယာစာသင်ဆောင်၌ အခြေခံပညာ အလယ်တန်းကျောင်းအုပ် ဆရာ၊ ဆရာမများ၏ အထက်တန်းကျောင်းအုပ် ရာထူးတိုးစာမေးပွဲ ဖြေဆိုနေမှုများကို ပြည်နယ်ပညာရေးမှူး၊ တာဝန်ရှိသူများနှင့် လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)