ပင်းတယမြို့နယ်၌ ဂျင်းပင်များ စတင်စိုက်ပျိုးလျက်ရှိပြီး ယခင်နှစ်များထက် ဈေးကောင်းရရှိရန်မျှော်လင့်

ပင်းတယ မေ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် ဘိုးဘွားအစဉ်အဆက် စိုက်ပျိုးရေးကို အဓိကစီးပွားရေးအဖြစ် လုပ်ကိုင်ဆောင်ရွက်ကြလျက်ရှိရာ ယခုအခါ မိုးဦးကျကာလဖြစ်သည့်အတွက် ဂျင်းပင်များ စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း သိရသည်။

ပင်းတယမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ကိုင်ကြသည့် တောင်သူများသည် သဘာဝ၊ တောတောင်၊ ရေ၊ မြေဆီလွှာများနှင့်ကိုက်ညီသည့် သီးနှံများကို ရာသီအလိုက် စိုက်ပျိုးရောင်းချကြလျက်ရှိရာ မြို့နယ်အနီးအနားကျေးရွာများဖြစ်သည့် အင်းငယ်၊ ဇော်ဂျီ၊ ဖနန်ရွာ၊ ညောင်ဝန်း၊ ညောင်ကောက်၊ အုံအက် အစရှိသည့်ကျေးရွာများတွင် ဂျင်းပင်များ အများအပြားစိုက်ပျိုးထားရှိကြပြီး ယခင်နှစ်များထက် ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း သိရသည်။

ဂျင်းပင်များအား စိုက်ပျိုးရာတွင် သတိပြုရမည့်အချက်မှာ ရောဂါပိုးကျရောက်ဖူးသောအပင်မှ ဂျင်းတက်မျိုးများယူ၍ ထပ်မံစိုက်ပျိုးခြင်း မပြုလုပ်မိစေရန်၊ ဂျင်းစိုက်ခင်းအတွင်း ဂျင်းပင်ညှိုးရောဂါကျ ရောက်နေသည့်အပင်တွေ့ပါက ချက်ချင်းနုတ်ယူပြီး စိုက်ခင်းနှင့်ဝေးရာသို့ လွှင့်ပစ်ရမည်ဖြစ်ကြောင်း၊ ဂျင်းပင်များကို မိုးဦးကျကာလဖြစ်သည့် မေလနှင့် ဇွန်လများတွင် ဂျင်းပျိုးတက်များ စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးကာလ(၂)လခန့်အကြာတွင် ဂျင်းတက်ပွားများ ထွက်လာလျှင် မူလဂျင်းတက်အဟောင်းများအား ပြန်လည်တူးဖော်ရောင်းချရပြီး အသစ်ထွက်လာသည့် ဂျင်းတက်အသစ်များအား နောက်(၄)လခန့်အကြာတွင် စတင်တူးဖော်ရောင်းချနိုင်ပြီဖြစ်ကြောင်း ဂျင်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)