ပုံပါကျင်မြို့၌ စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်

ပုံပါကျင် မေ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့အတွင်း တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က နမ့်ဟူးဟွန်ကျေးရွာအုပ်စု၊ နမ့်ဟူးခွန်ဘုရားကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ပြည်သူလူထုကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်  ရှင်းလင်းခြင်း၊ မြို့နယ်ရဲမှူးမြင့်အောင်က  ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းခြင်း၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုမောင်က မြေလွတ်၊ မြေရိုင်းများ စနစ်တကျ အသုံးပြုပြီး စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် အစိုးရကခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများ အသုံးပြုခွင့်၊ လုပ်ကိုင်ခွင့်များ ခွင့်ပြုချထားပေးလျက်ရှိကြောင်း၊ အသုံးပြုခွင့်ရရှိသူများအနေဖြင့် သတ်မှတ်ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်နှင့်အညီ အပြည့်အဝ စိုက်ပျိုးမွေးမြူ လုပ်ကိုင်ဆောင်ရွက် အသုံးပြုရန်လိုအပ်ကြောင်း ရှင်းလင်း‌ပြောကြားခြင်း၊ စိုက်ပျိုး‌ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးတေဇာထွန်းမှစက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်အတန်းကျောင်းတွင် သင်ရိုးညွှန်းတမ်းနှင့် သင်ကြားမည့်ဘာသာရပ်များ၊ သင်ကြားမည့်အစီအစဥ်များနှင့် ဆက်လက်တက်ရောက်နိုင်မည့် အခွင့်အလမ်းများ အကြောင်းများကို ရှင်းလင်း‌ပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာသော ဒေသခံပြည်သူများက မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး သိရှိလိုသည်များ၊  ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကို မေးမြန်း ဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေ ကြားပေးခဲ့ပြီး‌ နောက်ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အိအိဖြိုး(ပြန်/ဆက်)