ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းရတနာများအား လှိုက်လှဲစွာကြိုဆို

ဟိုပုံး မေ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂/၂၀၂၄) သင်တန်းတက်ရောက်မည့် ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းရတနာများကို ယမန်နေ့နေ့လယ် (၁၂)နာရီခွဲအချိန်က တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းတွင် လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။

ထိုသို့ကြိုဆိုရာတွင် ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် အရာရှိကြီးများ၊ စစ်သည်များ၊ မိသားစုဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂/၂၀၂၄)သင်တန်းတက်ရောက်မည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းရတနာများအား အောင်သပြေများဖြင့် လှိုက်လှဲစွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ဘုရင့်နောင်ခန်းမတွင် ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်က ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂/၂၀၂၄)သင်တန်း တက်ရောက်မည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းရတနာများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားပြီးနောက် ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းရတနာများအား စားသောက်ဖွယ်ရာများဖြင့် တည်းခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)