ကျောက်ဆည် မေ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သန့်ရှင်းသော သောက်သုံးရေဖူလုံရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဘဏ္ဍာနှစ်အလိုက် ရေနက် စက်ရေတွင်းများနှင့် ဆက်စပ်လုပ်ငန်းများ ဖြည့်ဆည်းပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပုထိုးနီကျေးရွာနှင့် နတ်ရင်ကုန်းကျေးရွာများ၌ ပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံပိုလျှံစွာသုံးစွဲနိုင်ရေး စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပုထိုးနီကျေးရွာနှင့် နတ်ရင်ကုန်းကျေးရွာတွင် အိမ်ခြေ(၉၀)၊ လူဦးရေ(၃၅၇)ဦး နေထိုင်လျက်ရှိပြီး စိုက်ပျိုးလုပ်ငန်းများအဓိလုပ်ကိုင်ကြကာ သောက်သုံးရေအတွက် တစ်နိုင်တစ်ပိုင် လက်တူးကျောက်ဂွေရေတွင်းများနှင့် ရေတိမ်ဘုံပိုင်(လက်နှိပ်)၊ အဝီစိတွင်းများသာ အားထားရသောကြောင့် ကျေးရွာပြည်အားလုံး ရေဖူလုံမှုနည်းပါးလျက်ရှိကြောင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အဆိုပါကျေးရွာ (၂)ရွာအတွက် သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ (၃၈.၉၃၆၀)ကျပ်သန်း အကုန်အကျခံကာ လင်းယုန်အားမာန်ကုမ္ပဏီမှ တာဝန်ယူ၍ တစ်နာရီ ရေထွက်အား ဂါလံ (၂၀၀၀)ကျော်ထွက်ရှိသည့် အနက် (၅၀၀)ပေ၊ အကျယ်(၄)လက်မ ရေနက်စက်ရေတွင်းနှင့် အလျား(၅)ပေ၊ အနံ(၅)ပေ၊ အမြင့်(၇)ပေ ရေစက်ရုံအပါအဝင် ရေဂါလံ (၂၄၀၀)ဆံ့ စင်မြင့်ရေစင် (၁)စင် ဆောက်လုပ်ပေးခြင်းအပြင် အကျယ်(၂)လက်မ၊ အရှည်(၅၅၀၀)ရေပိုက်များကိုလည်း ကျေးရွာပြည်သူများ အိမ်အရောက် သန့်ရှင်းသော သောက်သုံးရေများ အလွယ်တကူသုံးစွဲနိုင်ရေး သွယ်တန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယခုအခါ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီပြီဖြစ်သောကြောင့် ပုထိုးနီကျေးရွာနှင့် နတ်ရင်ကုန်းကျေးရွာများမှ ပြည်သူများအနေဖြင့် သန့်ရှင်းသောသောက်သုံးရေများကို အချိန်မရွေး အလွယ်တကူသုံးစွဲနိုင်သည့်အပြင် ကျွဲ၊ နွားများနှင့် အိမ်မွေးတိရိစ္ဆာန်များအားလုံးအတွက် ရာသီမရွေး သောက်သုံးရေများ ဖူလုံစွာဖြင့် သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
သက်မောင်